ငဖဲ ဩဂုတ် ၁၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့တွင် အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဉပဒေဌာနနှင့်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာအေးက အဖွင့်အမှာစကားပြောကြားပြီး ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်း က လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားရရှိစေရန်၊စာဖတ်ရှိန်မြှင့်တင်ရန်၊ ကာယ၊ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ဘောဂ စသည့်ဗလငါးတန်နှင့် ပြည့်စုံပြီးဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နှုတ်မှုစွမ်းရည်တိုးတက်၍ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့ တွင်ရဲဝံ့စွာ ပြောဆိုတတ်စေရန်နှင့်အသင်းအဖွဲ့များတွင် ပါဝင်ဆွေးနွေးတတ်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ငဖဲမြို့နယ်ဉပဒေအရာရှိဦးမျိုးကိုကိုဟိန်းက ကျောင်းသားကျောင်းသူများသိရှိ လိုက်နာသင့်သည့် လူကုန်ကူးမှု၊ လူမှောင်ခိုမှုနှင့် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး ဉပဒေဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူးဒေါ်နန်းသီတာထွေး ကလူငယ်နှင့်အားကစား ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို လည်းကောင်း အသီးသီးရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်း ကိုကျင်းပရာ ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်း နှင့် ငဖဲမြို့နယ်ဉပဒေအရာရှိဦးမျိုးကိုကိုဟိန်း တို့က ကြားခံဆွေးနွေးသူ အဖြစ်ဆောင်ရွက်ပြီး Grade-10 မှမချယ်ရီသင်းနှင့် မဂျူးသဉ္ဇာမွန် တို့က လူငယ်နှင့်မူးယစ် ဆေးဝါး ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ Grade-11 မှ မောင်မိုးသက်စိုး နှင့် မောင်ပိုင်သူရကျော်တို့က လူငယ်နှင့် လူကုန်ကူးမှု၊ လူမှောင်ခိုမှု ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ မြို့နယ်ဉပဒေအရာရှိ ဦးမျိုးကိုကိုဟိန်းက မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုနှင့်လူမှောင်ခို မှုဆိုင်ရာဉပဒေများ၊ ပြစ်မှုပြစ်ဒဏ်များကို ဖြည့်စွက်ရှင်းလင်းပြောကြားခဲ့ပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ မြို့နယ်ဉပဒေအရာရှိ ဦးမျိုးကိုကိုဟိန်း က ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် ငဖဲမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသားကျောင်းသူ များအတွက် ဘောလီဘောပိုက်နှင့်ဘောလုံး တစ်စုံကိုလည်းကောင်း၊ မြို့နယ်ဉပဒေဌာန နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်စကားဝိုင်းတွင်ဆွေးနွေးသည့် ကျောင်းသား ကျောင်းသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြရာ ဆရာမတစ်ဦးနှင့် ကျောင်းသားကျောင်းသူများကလက်ခံရယူခဲ့ကြကြောင်းနှင့် မြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိသော လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ် ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာကြသော ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့် ရှုခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)