၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် ပြေးခုန်ပစ်ပြိုင်ပွဲ၊ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု အေရိုးဗစ်ပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

လွိုင်ကော် ဩဂုတ် ၁၃

၂၀၂၃ ခုနှစ် ၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် ပြေးခုန်ပစ်ပြိုင်ပွဲ၊ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု အေရိုးဗစ်ပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားနည်းပြများ၊ အားကစားမောင်မယ်ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ တက်ရောက်အားပေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် အခမ်းအနားသို့တက်ရောက်လာကြသူများသည် အားကစားမောင်မယ် ကျောင်းသား၊ ကျောင်းသူများက ပြေးခုန်ပစ်အားကစားနည်းများဖြစ်ကြသော မီတာ(၁၀၀) မီတာ(၂၀၀) မီတာ(၄၀၀) မီတာ(၁၅၀၀) အပြေး သံလုံးပစ် လှံတံပစ် အလျားခုန် ၊ အမြင့်ခုန်ပြိုင်ပွဲများနှင့် အေရိုးဗစ်ပြိုင်ပွဲတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ဆုပေးပွဲအခမ်းအနားကို ပြည်နယ်ကရာတေးအားကစားရုံ၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က  အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာကိုအဓိကမူတည်ပြီး တည်ဆောက်ထားသည့် လူသားအရင်း အမြစ်သည်အဓိကဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းတွင် ဘက်စုံထူးချွန်သည့် လူတော်လူကောင်းများဖြစ်လာစေရန် လူငယ်များ၏အခန်းကဏ္ဍမြှင့်တင်ရေးကို ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီထောက်ပံ့ပေးလျက်ရှိကြောင်း အနာဂတ်နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြရမည့် လူငယ်များသည် စဉ်းစားဆင်ခြင်မှု အသိပညာများကို သာမက ကျန်းမာကြံ့ခိုင်စေရန်အတွက်လည်း ကြိုးစားအားထုတ်သွားရမည်ဖြစ်ရာ ပြည်နယ်ဂုဏ်ကို ဆောင်နိုင်ပြီးဘက်စုံထူးချွန်သည့် လူငယ်များဖြစ်စေရန် မိမိကိုယ်ကိုစနစ်တကျ စီမံခန့်ခွဲရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အားကစားပြိုင်ပွဲများအလိုက် ဆုရရှိခဲ့ကြသည့် အားကစားမောင်မယ် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ခဲ့ကြပြီး အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသူလေးများက အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုအေရိုးဗစ် သရုပ်ပြသခဲ့ကြသည်။   

၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ်အနေဖြင့် ကယားပြည်နယ် အစိုးရအဖွဲ့မှကြီးကြပ်၍ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ပြေးခုန်ပစ်ပြိုင်ပွဲအမျိုးအစား ၁၀ မျိုး ၊ ပြိုင်ပွဲစုစုပေါင်း ၂၀ နှင့် အေရိုးဗစ်ပြိုင်ပွဲများကို အားကစားမောင်မယ် ကျောင်းသား ၊ ကျောင်းသူများကပျော်ရွင်စွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။

ပြည်နယ်(ပြန်/ဆက်)