ရေတာရှည် သြဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ရပ်ရွာအခြေပြု လက်ကိုင်ပိုက်ဆံအိတ် ပြုလုပ်နည်းသင်တန်းအား သြဂုတ်လ ၁၂ ရက်နေ့ တွင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (တောင်ငူ)မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ဌေးဌေးမြင့်က အမျိုးသမီးများ အနေဖြင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေ ရှာဖွေနိုင်ပြီး မိသားစုဝင်ငွေ တိုးတက်ရရှိစေရန်နှင့် တစ်ပိုင်တစ်နိုင်အသက်မွေးပညာဖြင့် သက်မွေးဝမ်းကျောင်းပြုလုပ်နိုင်ရန်အတွက် ရည်ရွယ်၍ တောင်ငူမြို့ အိမ်တွင်းမှု သက်မွေးပညာသင်ကျောင်းသို့ လာရောက်သင်ကြားနိုင်ခြင်း မရှိသူများအတွက် ရပ်ရွာ အခြေပြု လက်ကိုင်ပိုက်ဆံအိတ်သင်တန်းအား ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းနှင့် ဂရုတစိုက်ဖြင့် စိတ်ပါဝင်စားစွာ သင်ယူကြရန် အမှာစကား ပြောကြားခဲ့ပြီး နည်းပြဆရာမ ဒေါ်မျိုးသီတာစိုးမှ လက်ကိုင်ပိုက်ဆံအိတ်ပြုလုပ်နည်းများအား သင်ကြားပေးခဲ့သည်။
အဆိုပါ သင်တန်းတွင် သင်တန်းသူ(၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သြဂုတ်လ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့ထိ (၂) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)