တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးအဆင့်ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်

ထားဝယ် ဩဂုတ် ၁၃

ကျန်းမာပျော်ရွှင်ပညာသင်၊ စွမ်းရည်ထက်မြက်အနာဂတ်အတွက်ဟူသော ဆောင်ပုဒ်နှင့်အညီ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  တနင်္သာရီတိုင်းဒေသကြီးအဆင့်ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗီမာန်ခန်းမ၌ကျင်းပရာ ရှေးဦးစွာကျောင်းသား/သူများက အဓိကမျှော်တွေး ကျန်းမာရေးသီချင်းဖြင့် သီဆိုဂုဏ်ပြုသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက နှစ်စဉ်စာသင်နှစ်တစ်နှစ်၏ ဩဂုတ်လဒုတိယအပတ်တွင် ကျောင်းသား/သူများ၊ ပညာရေးနှင့်ကျန်းမာရေးဝန်ထမ်းများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးတွင် ကျန်းမာရေးအဆင့် မြင့်ကျောင်းလုပ်ငန်းစဉ်များကို ပိုမိုသိရှိလာပြီး ကျန်းမာရေးအဆင့်မြင့်ကျောင်းထူထောင်ရေးလုပ်ငန်းများ၌ ပူးပေါင်းပံ့ပိုးမှုများပိုမိုအားကောင်းလာစေရန်၊ ဒေသဆိုင်ရာအစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ မိဘပြည်သူများ၏ပူးပေါင်းပံ့ပိုးမှု ပိုမိုအားကောင်းလာစေရန်၊ သန့်ရှင်း၍ကျန်းမာရေးနှင့်ညီညွတ်သော ကျောင်းပတ်ဝန်းကျင်များပေါ်ထွန်းလာစေရေးနှင့် ရေရှည်တည်တံ့စေရေးအတွက် အထောက်အကူများရစေရန်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များသည် နောင်အနာဂတ်တွင် နိုင်ငံတော်အတွက် အရေးပါသောအင်အားတစ်ရပ်ဖြစ်သောသောကြောင့် ဘက်စုံဖွံဖြိုးတိုးတက်ပြီး စွမ်းရည်ထက်မြက်သော နိုင်ငံ့သားကောင်းရတနာများဖြစ်လာစေရန် စာသင်ကျောင်းများကအစပြုသည်ဖြစ်ကြောင်း၊  ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး ကျောင်းသားလူငယ်များ ကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားစေရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော အလေ့အကျင့်ကောင်းများရရှိကျင့်သုံးနိုင်စေရန်နှင့် ကျန်းမာပျော်ရွှင်သော ပညာသင်ယူမှုပတ်ဝန်းကျင်ကောင်းဖန်တီးနိုင်စေရန်အတွက် ကျန်းမာရေးအဆင့်မြင့်ကျောင်းလုပ်ငန်းစဉ်များအား ချမှတ်ဆောင်ရွက်လျက်ရှိသည့်အပြင် ကျန်းမာရေးအဆင့်မြင့်ကျောင်းများကိုလည်း လုပ်ငန်းစဉ်(၉)ရပ်ဖြင့်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်ကိုအခြေခံသည့် အနာဂတ်ကိုတည်ဆောက်ရာတွင် စာသင်ကျောင်းမှစတင်ပြီး ကျောင်းသားလူငယ်များ၏ ကျန်းမာရေးပြည်စုံကောင်းမွန်နေရုံသာမက ဗလငါးတန်နှင့်ပြည်စုံသော လူငယ်များမွေးထုတ်နိုင်ရန်အတွက် ကျောင်းသား/သူများအပါအဝင် ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ၊ အခြားနှီးနွယ်ဌာနများ၊ အဖွဲ့အစည်းများနှင့် မိဘပြည်သူများတို့က ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးကျောင်းကျန်းမာရေးကော်မတီဥက္ကဋ္ဌဒေါက်တာမိုးဇော်က ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများက လက်ဆေးပါသီချင်းဖြင့်သရုပ်ဖော်တင်ဆက်ကာ Fitness Dance ဖြင့် ကပြဖျော်ဖြေသည်။

ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် စာစီစာကုံး၊ ပိုစတာ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသည့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းသား/သူများအား ဆုချီးမြှင့်ပြီး ကျောင်းကျန်းမာရေးအထိမ်းအမှတ် Video Clip အားပြသပြီး ကျောင်းသား/သူများက ဘဝတွက်တာ ကျောင်းကျန်းမာသီချင်းဖြင့် တေးသရုပ်ဖော်ဖျော်ဖြေတင်ဆက်ခြင်း ကိုဗစ်-၁၉ ကာကွယ်ရေးအထူးပညာပေး တေးသရုပ်ဖော်တင်ဆက်ခြင်းနှင့် ဂရုစိုက်ပေးကျန်းမာရေးသီချင်းဖြင့် သီဆိုခြင်းတို့ကို ကြည့်ရှုအားပေးသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က KG (သူငယ်တန်း)ကလေးများအား အာဟာရဖြည့်စွက်စာများ ထောက်ပံ့ခြင်းနှင့် သန်ချဆေးတိုက်ကျွေးနေမှုတို့အား ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်ပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်အခြေခံပညာ အထက်တန်းကျောင်း(၈)ကျောင်းတို့မှ  ခင်းကျင်းပြသထားသော ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်း ရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)