ဘားအံမြို့၌ သံလွင်မြစ်ရေ ပြန်လည်ကျဆင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ရေဘေးသင့်ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့

ဘားအံ ဩဂုတ် ၁၃

ကရင်ပြည်နယ်၊ဘားအံမြို့တွင် သံလွင်မြစ်ရေသည်စိုးရမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၉၁၆ စင်တီမီတာ ထိမြင့်တက်ခဲ့ပြီး ဩဂုတ်လ ၁၂ ရက်နေ့ ယနေ့နံနက်တိုင်းတာချက်များအရ ၈၇၀ စင်တီမီတာအောက်သို့ ပြန်လည်ကျဆင်းသွားရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်များ ဦးဆောင်၍ ရေကြီးနစ်မြှုပ်ခဲ့သော ကမ်းနားလမ်းတစ်လျှောက်နှင့် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ နယ်မြေ ခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ အသုံးပြု၍ ကမ်းနားလမ်းတစ်လျှောက်တွင် တင်ကျန်နေသော ရွှံ့နွံနှုန်းမြေများ၊ အမှိုက်သရိုက်များအား ဖယ်ရှားရှင်းလင်းမှု၊ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းခွဲတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများ၊ အမှတ်(၈)ရပ်ကွက်၊ ထောင်ဝိ ကွင်းတွင် စိုက်ပျိုးပြီး မိုးစပါး ဧကများ ရေလွမ်းမိုး ထိခိုက်မှု အခြေအနေများ၊ အမှတ်(၄)ရပ်ကွက် မြို့တော်ဦးဘုန်းတော်ကြီးကျောင်း ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ပရိဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ မြို့တော်အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပစေရေး ရေကျသည်နှင့် တစ်ပြိုင်နက် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ၊ ကူးစက်ရောဂါကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ကြရန်၊ ထိခိုက်မှုရှိခဲ့သည့် လမ်း/တံတား အခြေခံ အဆောက်အဦများအား လိုအပ်သည့် ပြင်ဆင်မှုများ ဆောင်ရွက်ရန်၊ ရေကြီးနစ်မြုပ်သည့် မိုးစပါးစိုက်ဧကများကို မြေပြင်ကွင်းဆင်းစိစစ်၍ ပြန်လည်ကုစားနိုင်ရန် လိုအပ်ပါက မျိုးစပါးနှင့်သွင်းအားစုများ ကူညီထောက်ပံ့ပေးနိုင်ရေး စာရင်းပြုစုတင်ပြရန်၊ ပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများ ရေကျသည်နှင့် ပြန်လည်ဖွင့်လှစ်နိုင်ရေး တွန်းအားပေးဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၁၁) အခြေခံပညာ မူလတန်းကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းတွင် ယာယီပြောင်းရွှေ့နေထိုင်သော ရေဘေးသင့် ပြည်သူများအား သွားရောက်တွေ့ဆုံ၍ မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရေဘေးသင့် ပြည်သူများ ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်သည့် အချိန်မှစ၍ ဆန်၊ ဆီ အစရှိသော စားသောက်ကုန်များကို ထောက်ပံ့ပေးခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှလည်း ဆန်ရိက္ခာဖိုးငွေနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ကာ ယနေ့တွင်လည်း ခေါက်ဆွဲခြောက်၊ ကြက်ဥ အစရှိသော စားသောက်ကုန်ပစ္စည်းများကို ထပ်မံထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ အထူးသဖြင့် ဝမ်းရောဂါကဲ့သို့သော ကူးစက် ရောဂါများ ဖြစ်ပွားမှုမရှိစေရေး ဂရုပြုကြစေလိုပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှလည်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊  ချစ်ချင်ခင်ခင် ညီညီညွတ်ညွတ်ဖြင့် အတူတကွ စုပေါင်းနေထိုင်ကြရန် မှာကြားကာ အဆိုပါ ကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု ၄၀ အတွက် ခေါက်ဆွဲခြောက်၊ ကြက်ဥ အစရှိသော စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ သုမေဓါရာ မကြားတောရ ဘုန်းတော်ကြီးကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းတွင် ယာယီပြောင်းရွှေ့ နေထိုင်သော ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေး၍ အိမ်ထောင်စု ၃၂ စုအတွက် ခေါက်ဆွဲခြောက်၊ ကြက်ဥအစရှိသော စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ရွှေဝါခန်းမ ရေဘေးကယ်ဆယ်ရေးစခန်းတွင် ယာယီပြောင်းရွှေ့နေထိုင်သော ရေဘေးသင့် ပြည်သူများအား ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံ၍ အားပေးစကားများ ပြောကြားကာ  အဆိုပါ ရေဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု ၂၇၀ စု အတွက် ခေါက်ဆွဲခြောက်နှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ မိုးလုံလေလုံ အားကစားခန်းမတွင် ယာယီပြောင်းရွှေ့နေထိုင်သော ရေဘေးသင့်ပြည်သူများအား သွားရောက် တွေ့ဆုံ၍ အားပေးစကားများ ပြောကြားပြီး အိမ်ထောင်စု ၁၄၇ စုအတွက် ခေါက်ဆွဲခြောက် နှင့် ကြက်ဥများထောက်ပံ့ပေးအပ်ကာ ကယ်ဆယ်ရေး စခန်းအတွင်း စနစ်တကျနေရာချထားပေးမှု၊ ရေ၊ မီး၊ မိလ္လာပြည့်စုံလုံလောက်စွာ စီစဉ်ဆောင်ရွက်ပေးထားမှု၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စီစဉ်ဆောင်ရွက်ပေးထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်၊ ဝင်ဖရကျောင်းကြီးဆရာတော် ဘဒ္ဒန္တ တေဇောဘာသအား သွားရောက်ဖူးမြော်၍ သာသနာရေးနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထပစ္စည်းများနှင့် နဝကမ္မ အလှူတော်ငွေများ ဆက်ကပ် လှူဒါန်းကာ အဆိုပါ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယာယီပြောင်းရွှေ့နေထိုင်သော ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံကာ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးထားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှထောက်ပံ့သည့် တစ်ဦးလျှင် ဆန်ရိက္ခာ ဖိုးငွေကျပ် ၉၀၀၀နှင့် စားသောက်ကုန်များ၊ ယနေ့ထပ်မံထောက်ပံ့မည့် ခေါက်ဆွဲခြောက်နှင့် ကြက်ဥများကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ရေကြီးနစ်မြှုပ် မိုးစပါးဧကများ ရှိပါက စာရင်းပြုစု တင်ပြပေးစေလိုပြီး မျိုးစပါးနှင့် သွင်းအားစုများ ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားကာ အိမ်ထောင်စု ၃၅ စု၊ လူဦးရေ ၁၅၅ ဦးအတွက် ဆန်ရိက္ခာဖိုးငွေနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက် ပြည်နယ် ကမ္မဋ္ဌာန်းကျောင်း ဆရာတော် ဘဒ္ဒန္တသုဇာတအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် ယာယီပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စု ၈၅ စု၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတွင် ယာယီပြောင်းရွှေ့ နေထိုင်သော အိမ်ထောင်စု ၂၅၁ စုတို့အား ရင်းရင်းနှီးနှီးသွားရောက် တွေ့ဆုံအားပေးစကား ပြောကြားပြီး ခေါက်ဆွဲ၊ ကြက်ဥ အစရှိသော စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ ကြသည်။

လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရာတွင် လယ်ယာသုံးစက်ကိရိယာများကို စနစ်တကျကိုင်တွယ်၊ မောင်းနှင်၊ ထိန်းသိမ်း တတ်စေရန် ပြည်နယ်စက်မှုလယ်ယာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ကောက်စိုက်စက်မောင်းနှင် ထိန်းသိမ်းမှု (အခြေခံ)သင်တန်းဆင်းပွဲကို ဩဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ အမှတ်(၂၀)စက်မှုလယ်ယာစခန်း၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မိမိတို့ပြည်နယ်သည် စိုက်ပျိုးရေးကို အဓိကထားလုပ်ဆောင်သည့် ပြည်နယ်တစ်ခုဖြစ်သည့်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို အခြေခံသည့်စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှသာ ပြည်နယ်၏ စီးပွားရေး၊ လူမှုရေး သာယာဝပြောလာမည်ဖြစ်ကြောင်း၊ အချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ရန် လက်ရှိဖြစ်ပေါ်နေသည့် လုပ်သားရှားပါးမှု အခြေအနေကို ကျော်လွှားနိုင်ရန်အတွက် လယ်ယာ လုပ်ငန်းခွင်တွင်လူ၊ လုပ်အားများကို အသုံးပြုခြင်းထက် ကောက်စိုက်စက်များကို တွင်တွင်ကျယ်ကျယ် အစားထိုးအသုံးပြုနိုင်မှသာ ပြည်နယ်၏ သီးနှံစိုက်စွမ်းအား တိုးမြှင့်လာပြီး ပြည်တွင်းစုစုပေါင်း အသားတင်ထုတ်လုပ်မှုလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ယခုသင်တန်းမှ ကျွမ်းကျင်ပညာရှင်များ၏ စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချမှုများကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူ၍ လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချကာ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုး တက်အောင် အားသွန်ခွန်စိုက် ကြိုးစားလုပ်ကိုင်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံများရိုက်ကူးကာ သင်တန်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကားပြောကြား၍ ဘောင်ဖြင့်ပျိုး ထောင်နည်းသရုပ်ပြသမှု၊ ကောက်စိုက်စက် မောင်းနှင်သရုပ်ပြသမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ သင်တန်းဆင်းပွဲတွင် လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူး၊ ထီလုံကျေးရွာ၊ ဘားအံမြို့နယ် ထုံးအိုင်၊ ဘားကပ်၊ ကော့ထမလိန်းကျေးရွာများမှ သင်တန်းသား ၂၅ ဦးတို့သည် ဩဂုတ်လ ၇ ရက်နေ့မှ ၁၁ ရက်နေ့ထိ Kubota ကုမ္ပဏီမှ ကျွမ်းကျင်ပညာရှင်များ၊ အမှတ်(၂၀)ထွန်စက်စခန်းမှ ပညာရှင်များက စာတွေ့လက်တွေ့သင်ကြားပို့ချ မှုများကို လေ့လာသင်ယူခဲ့ကြရပြီး မိမိဒေသသို့ ပြန်လည်ရောက်ရှိသည့်အခါ သင်တန်းသားများသည် မိမိတို့ကျေးရွာ အုပ်စုမှရရှိထားသော စက်များအား အကျိုးရှိရှိ အသုံးချပြီး  ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းလုပ်ငန်းအား တွင်တွင်ကျယ်ကျယ် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ဘားအံမြို့၊ ကမ်းနားလမ်း တစ်လျှောက် သံလွင်မြစ်ရေပြန်လည်ကျဆင်းနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြစ်ရေကျသည်နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)