ဝန်းသို ဩဂုတ် ၁၃
၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး သဘာဝမြေဩဇာ အချိန်ကိုက်အချိုးညီတွဲဖက်သုံးစွဲရေး နည်းပညာပေးသင်တန်းနှင့် သဘာဝပိုးပြေးစေး ပြုလုပ်နည်းသရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဝင်းသိန်းက သီးထပ်စွမ်းအားတိုးတက်ရေး၊ သီးထပ်သီးနှံနှင့်မျိုးကွဲများ ရွေးချယ်သုံးစွဲရေးအကြောင်းကို အသိပညာပေးပြောကြားသည်။
ဆက်လက်၍ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်နီနီလွင်က သစ်စိမ်းမြေဩဇာပြုလုပ်သုံးစွဲခြင်း၊ ယူရီးယားဓာတ်မြေဩဇာအကျိုးရှိရှိသုံးစွဲခြင်းနှင့် ဂျစ်ပဆန်သဘာဝကျောက်မှုန့်မြေဩဇာ၏ အကျိုးအာနိသင်များ အကြောင်းကိုလည်းကောင်း၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ဌေးက ပိုးမွှားရောဂါများအတွက် သဘာဝပိုးပြေးဆေးဖျော်ရည်ပြုလုပ်သုံးစွဲနည်းနှင့် ပိုးမွှားရောဂါများအကြောင်းကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးတင့်ဆွေက စပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဓာတ်မြေဩဇာသုံးစွဲနည်းအကြောင်းကိုလည်းကောင်း အသီးသီးအသိပညာပေးပြောကြားခဲ့ရာ တက်ရောက်လာသော တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာ အချိုးကျသုံးစွဲနည်းနှင့် သဘာဝပိုးပြေးဆေး ပြုလုပ်သုံးစွဲနည်းကို စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက လက်တွေ့ပြုလုပ်ပြသခဲ့ရာ တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများက ကြည့်ရှုအားပေး၍ လက်တွေ့ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)