ဘားအံ ဩဂုတ် ၁၃
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရာတွင် လယ်ယာသုံးစက်ကိရိယာများကို စနစ်တကျ ကိုင်တွယ်၊ မောင်းနှင်၊ ထိန်းသိမ်းတတ်စေရန် ပြည်နယ်စက်မှုလယ်ယာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ကောက်စိုက်စက်မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဆင်းပွဲကို ဩဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ အမှတ်(၂၀) စက်မှုလယ်ယာစခန်း၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သင်တန်းဆင်း အမှာစကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ကာ ဘောင်ဖြင့်ပျိုး ထောင်နည်းသရုပ်ပြ သမှု၊ ကောက်စိုက်စက် မောင်းနှင်သရုပ်ပြသမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။
ယနေ့ သင်တန်းဆင်းပွဲတွင် လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူး၊ ထီလုံကျေးရွာ၊ ဘားအံမြို့နယ် ထုံးအိုင်၊ ဘားကပ်၊ ကော့ထမလိန်းကျေးရွာများမှ သင်တန်းသား ၂၅ ဦးတို့သည် ဩဂုတ်လ ၇ ရက်နေ့မှ ၁၁ ရက်နေ့ထိ Kubota ကုမ္ပဏီမှ ကျွမ်းကျင်ပညာရှင်များ၊ အမှတ်(၂၀)ထွန်စက်စခန်းမှ ပညာရှင်များက စာတွေ့လက်တွေ့ သင်ကြားပို့ချမှုများကို လေ့လာသင်ယူခဲ့ကြရပြီး မိမိဒေသသို့ ပြန်လည်ရောက်ရှိသည့်အခါ သင်တန်းသားများသည် မိမိတို့ကျေးရွာ အုပ်စုမှရရှိထားသော စက်များအား အကျိုးရှိရှိ အသုံးချပြီး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းလုပ်ငန်းအား တွင်တွင်ကျယ်ကျယ် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ဘားအံမြို့၊ ကမ်းနားလမ်း တစ်လျှောက် သံလွင်မြစ်ရေပြန်လည်ကျဆင်းနေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး မြစ်ရေကျသည်နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)