မြန်အောင်မြို့နယ်တွင် ဆီထွက်သီးနှံမိုးမြေပဲများစတင်ရိတ်သိမ်း၊ ဧက(၇၀၀၀)ကျော် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း

မြန်အောင်   သြဂုတ်  ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ် မိုးရာသီတွင် ဆီထွက်သီးနှံ မိုးမြေပဲများအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စတင်ရိတ်သိမ်းနေကြောင်းသိရသည်။ မြို့နယ်အတွင်း မိုးမြေပဲ (၇၂၁၂)ဧက စိုက်ပျိုးထားပြီးယာပြန်မြေပဲ ဧက(၃၀၀၀)ခန့်နှင့် ဆောင်းမြေပဲ(၁၉၀၉၄)ဧက စုစုပေါင်း(၂၉၂၆၁)ဧက စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ထံမှ သိရသည်။

မြန်အောင်မြို့နယ်အတွင်း ဆီထွက်သီးနှံ မိုးမြေပဲ၊ ယာပြန်မြေပဲနှင့်ဆောင်းမြေပဲများကို ကန်ဇွန်းခုံကျေးရွာအုပ်စု၊ ရှားတောကျေးရွာအုပ်စု၊ အင်ပင်တိုက်နယ်နှင့်တောင်ရိုး တိုက်နယ်ဒေသများတွင် အဓိကစိုက်ပျိုးကြပြီး မိုးနေကြာ၊ ဆောင်းနေကြာများလည်း ထည့်သွင်းစိုက်ပျိုးကြကြောင်း သိရသည်။

ယခုနှစ် မိုးမြေပဲတစ်ဧက စိုက်ပျိုးစရိတ်မှာ ၆ သိန်းကျပ်မှ ၈ သိန်းကျပ်အထိ ကုန်ကျမှုရှိကြောင်း၊  မိုးမြေပဲ တစ်ဧကလျှင် တင်း ၇၀ မှ တင်း ၁၀၀ ခန့်အထိထွက်ရှိပြီး မြေသြဇာ ထည့်သွင်းမှုနှင့်နည်းပညာလိုက်နာသောတောင်သူများ၏စိုက်ခင်းများတွင် တစ်ဧက မြေပဲတင်းတစ်ရာကျော်ထွက်ရှိကြောင်း၊ ယခုနှစ်မိုးမြေပဲပေါ်ချိန်တွင် အစိုတစ်တင်းလျှင် ၂၇၅၀၀ ကျပ်ရရှိပြီး တစ်ဧက ၈ သိန်းကျပ်ခန့် အကျိုးအမြတ်ရရှိကြကြောင်း၊ ဆီကြိတ်မည်ဆိုပါက မြေပဲအတောင့် တစ်တင်းလျှင် ဆီ ၂ ပိသာ ကျော်ထွက်ရှိ၍ မိုးမြေပဲ တစ်ဧကလျှင် ပျမ်းမျှ ဆီ ၁၄၀ ပိသာခန့် ထွက်ရှိကြောင်း သိရှိရသည်။

မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာနှစ်တွင် နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေမှ မိုးမြေပဲစိုက်တောင်သူ(၂၂၃)ဦးတို့၏(၅၄၆)ဧကကို တစ်ဧကတစ်သိန်းကျပ်နှုန်းဖြင့်မိုးမြေပဲအထွက်တိုးရေး သွင်းအားစုများ ဖြည့်တင်းနိုင်ရန်ထုတ်ချေးပေးထားပြီး လာမည့်နှစ်များတွင်လည်း ယခုထက်ပို၍ ပံ့ပိုးပေးနိုင်ရန် စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်အောင်မြို့နယ်အတွင်း တစ်နှစ်မြေပဲစိုက်ဧက(၂၉၀၀၀)ဧကကျော်ရှိသောကြောင့် ထွက်ရှိလာမည့်မြေပဲများ ဆီကြိတ်မည်ဆိုပါက ဆီပိသာချိန် သိန်း(၃၀)ကျော်ရရှိမည်ဖြစ်ပြီး မြို့နယ်တွင်း စားသုံးဆီဖူလုံမည့်အပြင် အခြားဒေသသို့ တင်ပို့ရောင်းချဖြန့်ဖြူးနိုင်မည်ဖြစ်သည်။ ယခင်နှစ် ဆောင်းသီးနှံ  မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲစိုက်ခင်းများတွင် ဆီထွက်သီးနှံနေကြာ သီးထပ်/သီးညှပ်ထည့်သွင်းစိုက်ပျိုးကြရာတောင်သူမိသားစုများ စားသုံးရန်နေကြာဆီ ရရှိကြောင်းသိရှိရသည်။     

 ဝင်းဗိုလ် (ပြန်/ဆက်)