မကွေး သြဂုတ် ၁၃
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ သြဂုတ်လ ၁၂ ရက် ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မင်းဘူးသစ်ထုတ်ရေးဒေသ၊ ရွှေစက်တော် မန်းချောင်းဆင်စခန်း ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ကမ္ဘာ့ဆင်များနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး၊ မင်းဘူးမြို့နယ် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစနစ်ဖြင့် ဓာတ်အားထုတ်လုပ်မည့် မင်းဘူးနေရောင် ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ Solar Power Project လုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ် ဆောင်ရွက်သည့် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း ဧရိယာအတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ဒေသခံ ပြည်သူများနှင့်အတူ ဆင်များအတွက် အဓိကအထောက်အကူပြုမည့် မန်ကျည်းပင်ပေါင်း (၅၀၀)ကို စုပေါင်းစိုက်ပျိုး ခဲ့ကြပြီး၊ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း ဆင်များ ပျော်ရွှင်စေရန် ရေချိုးပေးနေမှုအား ရှုမျှော်ဆောင်မှ ကြည့်ရှုအားပေးသည်။
ထို့နောက် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း ရှင်းလင်းဆောင်တွင် ကမ္ဘာ့ဆင် များနေ့ အထိမ်းအမှတ် အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကား ပြောကြားရာ ကမ္ဘာပေါ်တွင် တဖြည်းဖြည်း ရှားပါးလာသော အဖိုးတန်ရတနာ ဆင်များကို အလေးထားဂုဏ်ပြုပေးရန်၊ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန်၊ ၎င်းတို့နေထိုင် ကျက်စားရာဒေသများကို ထိန်းသိမ်းနိုင်စေရန်နှင့် လူထုအတွင်း ဆင်များနှင့် ပတ်သက်၍ အသိအမြင်များ နိုးကြားလာစေရန်အတွက် နှစ်စဉ် ဩဂုတ်လ ၁၂ ရက်နေ့ကို ကမ္ဘာ့ဆင်များနေ့အဖြစ် သတ်မှတ်ပြီး တိရိစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသည့် တစ်ကမ္ဘာလုံးရှိ အဖွဲ့အစည်းပေါင်း (၁၀၀)ကျော်က အသိအမှတ်ပြု လက်ခံကျင်းပလာရခြင်း ဖြစ်ပါကြောင်း၊ လက်ရှိကမ္ဘာပေါ်တွင် အာရှဆင်နှင့် အာဖရိကဆင်ဟူ၍ မျိုးစိတ်နှစ်ခုသာ ကျန်ရှိပြီး ခန္ဓာကိုယ်အကြီးမားဆုံးနှင့် ပင်ကိုယ်အသိဉာဏ် မြင့်မားသော ကုန်းနေ နို့တိုက် သတ္တဝါများ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ ဆင်များမှာ အာရှဆင် အမျိုးအစားဖြစ်ပြီး အရွယ်အစားအားဖြင့် အာဖရိကဆင်များထက် အရွယ်အစား ပိုမိုသေးငယ်သော်လည်း အသိပညာနှင့် မှတ်ဉာဏ်စွမ်းရည်များအပြင် ပတ်ဝန်ကျင်နှင့် လိုက်လျော ညီထွေစွာ ရှင်သန်နိုင်မှုစွမ်းရည်တို့မှာ အာဖရိကဆင်များထက် ပိုမိုသာလွန်မြင့်မား ပါကြောင်း၊ ဒါ့ကြောင့် ယခုနှစ် ကမ္ဘာဆင်များနေ့ ဆောင်ပုဒ် ဖြစ်သော “ဆင်တွေကို ကူညီဖို့ လူသားအားလုံး စုစည်းစို့” (Bringing the World together to help Elephant) ဆောင်ပုဒ်နှင့်အညီ ပြည်သူလူထုက ဆင်များကို ဝိုင်းဝန်းပူးပေါင်းကာကွယ်ပြီး ထိန်းသိမ်းစောင့်ရှောက်ကြရမှာ ဖြစ်ပါကြောင်း စသည့်ဖြင့် ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး၊ မြန်မာ့သစ်လုပ်ငန်း ဒုတိယအထွေထွေမန်နေဂျာမှ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း၏ ဖွင့်လှစ်ဆောင်ရွက်ခဲ့မှုနှင့် လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဆင်စခန်းရှိ ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန် ဆန်နှင့် ဆီများကို ကမ္ဘာဆင်များနေ့ အထိမ်းအမှတ်အဖြစ် ထောက်ပံ့ပေးအပ်ကာ တက်ရောက်လာသော တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ဆင်စခန်းရှိ ဆင်(၁၂)ကောင်အတွက် ဆင်စာအလှူငွေများ ပေးအပ်လှူဒါန်း၍ ဆင်စာဘူဖေး ကျွေးမွေးခဲ့သည်။
အာရှဆင်များသည် အာရှ(၁၃)နိုင်ငံတွင် ပျံ့နှံ့နေထိုင်ကြပြီး ပုံသဏ္ဍာန်နှင့် အရွယ်အစားအရ အိန္ဒိယဆင်၊ သီရိလင်္ကာဆင်၊ စူမတြားဆင်နှင့် ဘော်နီယိုဆင်ဟူ၍ အုပ်စု(၄)မျိုး ခွဲခြားထားပြီး၊ မြန်မာနိုင်ငံရှိ ဆင်များသည် အိန္ဒိယဆင်အုပ်စုတွင် ပါဝင်ကြောင်း၊ မြန်မာတစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ဌာနပိုင်ဆင်အကောင်ရေ (၃၂၅၁)ကောင်၊ ပုဂ္ဂလိကပိုင်ဆင်အကောင်ရေ (၂၀၀၀)ခန့် နှင့် တောဆင် အကောင်ရေ (၁၅၀၀)ခန့် စုစုပေါင်း ဆင်အကောင်ရေ (၆၇၅၁)ကောင်ခန့်ရှိပြီး မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ဆင်အကောင်ရေ အများဆုံး နိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ ထို့ကြောင့် ဆင်အများဆုံးနှင့် ထိန်းသိမ်းနိုင်ဆုံး နိုင်ငံအဖြစ် အစဉ်အမြဲရပ်တည်နိုင်ရန် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာနက မြန်မာနိုင်ငံအတွင်း၌ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းအပါအဝင် ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးအခြေပြု ခရီးသွားလုပ်ငန်း Elephant Conservation Based Tourism (ECBT) ဆင်စခန်း (၂၃)ခုကို ဖွင့်လှစ်ထား ရှိကြောင်း သိရသည်။
ထိုမှတစ်ဆင့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မင်းဘူး (စကု)မြို့နယ် မင်းဘူး-အမ်းကားလမ်းမဘေး ဇီးအိုင်ကျေးရွာအနီးရှိ GEP Myanmar ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်နေသော နေရောင်ခြည်စွမ်းအင်သုံး ဓါတ်အားပေးစက်ရုံ စီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်တွင် ကုမ္ပဏီမှ တာဝန်ရှိသူများ၏ တည်ဆောက် ရေးလုပ်ငန်းစဉ် Phase–1 ဆောင်ရွက်ပြီးစီးမှုနှင့် Phase–2 လုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော် မဟာဓါတ်အားလိုင်းအတွက် လျှပ်စစ်ဓါတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆောင်ရွက်ရန်ကျန်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများ အားလုံးကို သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးအောင် ဆက်လက်ဆောင်ရွက်သွားရန် မှာကြားဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို ပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ