ပဲခူး သြဂုတ် ၁၃
ပဲခူးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အနေဖြင့် ကျန်းမာပျော်ရွှင်ပညာသင်ဖို့ ပက်ဝန်းကျင်ကောင်းဖန်တီးစို့ ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းတွင်း စာစီစာကုံး၊ ကဗျာ၊ ကာတွန်း၊ ပန်းချီ ပြိုင်ပွဲအား သြဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းရှိ သီရိပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲအား အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ဝင်း၏ ဦးဆောင်ကြီးကြပ်မှုဖြင့် စာစီစာကုံးပြိုင်ပွဲတွင် မူလတန်းအဆင့် "သွေးလွန် တုပ်ကွေးကာကွယ်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့"၊ အလယ်တန်းအဆင့် "သန့်ရှင်းသာယာကျောင်းတစ်ခွင်မှာ"၊ အထက်တန်းအဆင့် "ကျန်းမာရေးအဆင့်မြှင့်ဖို့ကွယ် တို့တွေပူးပေါင်းဆောင်ရွက်မယ်" ခေါင်းစဥ်ဖြင့် ကျောင်းသား/သူ (၅၈) ဦးမှလည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် အလယ်တန်းအဆင့် "ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ် သတိပြုကာတို့ ကာကွယ်" ခေါင်းစဥ်ဖြင့် ကျောင်းသား/သူ (၁၀)ဦးမှလည်းကောင်း၊ ကာတွန်းပြိုင်ပွဲတွင် မူလတန်းအဆင့် "စနစ်မှန်သွားတိုက်ပေး သွားနှင့်ခံတွင်းကျန်းမာရေး"၊ ပန်းချီပြိုင်ပွဲတွင် မူလတန်းအဆင့် "လက်ဆေးကြပါစို့"၊ အလယ်တန်းအဆင့် "ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်နေထိုင်ပြုမူပါ"၊ အထက်တန်းအဆင့် "ကျန်းမာရေးအဆင့်မြှင့်ဖို့ကွယ် တို့တွေ ပူးပေါင်းဆောင်ရွက်မယ်" စသည့် ခေါင်းစဥ်များဖြင့် ကျောင်းသား/သူ (၃၀)ဦးမှ လည်းကောင်း၊ စုစုပေါင်း ကျောင်းသား/သူ (၉၈)ဦးမှ ဝင်ရောက် ယှဥ်ပြိုင်ဖြေဆိုကြကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)