မြောင်းမြမြို့ အခြေခံပညာအထက်တန်းကျောင်းများတွင် လူငယ်အသိပညာပေး ဟောပြောပွဲ များ ကျင်းပ

မြောင်းမြ  သြဂုတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့၌ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များ ပေါ်ထွန်းလာစေရေးအတွက် လူငယ်ရေးရာ အသိပညာပေးများကို ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့က တောင်ပေါ်စုကျေးရွာနှင့် သိလ္လာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းများ၌  လူငယ်ရေးရာ အသိပညာပေး ဟော​ပြောပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက လူငယ်များ စာအုပ်စာပေ ချစ်မြတ်နိုးရန်နှင့် အကျင့်စာရိတ္တ ကောင်းမွန်လာစေရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးစိုင်းဝေလင်းနောင်က အားကစားနှင့် အသိပညာ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးက စားသုံးသူ သိမှတ်ဖွယ်ရာ အသိပညာ ခေါင်းစဉ်များဖြင့်လည်းကောင်း  ဟောပြောကြကြောင်း သိရသည်။

ဟောပြောပွဲ အပြီးတွင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးစိုင်းဝေလင်းနောင်က  အားကစား ထောက်ပံ့ပစ္စည်းများကို ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးများ ဖြစ်ကြသော အ..က (တောင်ပေါ်စု) ကျောင်းအုပ်ဆရာမကြီး ဒေါငြိမ်းငြိမ်းအိနှင့် အ..က (သိလ္လာ) ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးသီတာတို့က  လက်ခံရယူသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)