ဟုမ္မလင်း အောက်တိုဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် စိုက်ပျိုး ရေးဦးစီးဌာနမှ ကော်ဖီခေါင်နှိမ်ခြင်းနှင့် ကိုင်းဖြတ်ပုံ သွင်းနည်းစနစ် ပညာပေးသရုပ်ပြပွဲကို ယမန်နေ့ နံနက်(၉)နာရီက ဟုမ္မလင်းမြို့နယ်၊ နောင်လွန်ကျေးရွာအုပ်စု တောင်သူ ဦးကျော်စွာ လွင်(ခ)ဦးဖိုးတာ၏ မြသရဖူ ရော်ဘာခြံတွင် ကျင်းပပြု လုပ်ခဲ့ကြ ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးပွဲတွင် ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးက COVID-19 ကာလဖြစ်သော်လည်း သီးနှံရာသီ အချိန်မှီဆောင်ရွက်ရမည့် အပင်ပြုစုစောင့်ရှောက်နည်းစနစ်များ ပညာပေးဆွေးနွေးပြီး၊ ဒု-ဦးစီးမှူး ဦးမင်းမင်းဇော်က ကော်ဖီခေါင်နှိမ်နည်းစနစ်နှင့် ပတ်သတ်၍လည်းကောင်း၊ ဒု-လ/ ထောက်ဦးစီးမှူး ဦးအောင်ညွှန့်ကြည်မှ တောင်သူများအား ကော်ဖီ ခေါင်နှိမ်နည်း၊ ခေါင်းဖြတ်ပုံသွင်းနည်းများ လေ့တွေ့လေ့ကျင့် ပြသ ပညာပေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ အသိပညာပေးပွဲသို့ နောင်လွန်၊ ညောင်ပင်သာ၊ စံကပ် ကျေးရွာများမှ တောင်သူ(၂၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး၊ တက်ရောက် လာသော တောင်သူများက သိလိုသည်များကို မေးခဲ့ရာ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ်တွင် ၂၀၁၆ ခုနှစ်မှစ၍ ရော်ဘာစိုက်ခင်းများကြား ကော်ဖီစတင်စိုက်ပျိုးခဲ့ရာ မြို့နယ် တစ်ဝန်း ကုန်းမြင့် ကော်ဖီဧက (၁၀၈) ခန့် စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
လင်းလင်း(ပြန်/ဆက်)