ပွင့်ဖြူ ဩဂုတ် ၁၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာရှိ ဒေသခံကျေးလက်နေ ပြည်သူများ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် လမ်းအရှည်ပေ ၁ မိုင် အား ကျေးလက်ကုန်ထုတ်လမ်းအဖြစ် အကောင်အထည်ဖော် ဖောက်လုပ်ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၁၂ ရက် ၊ ယနေ့နံနက် ၉ နာရီက မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံအင်ဂျင်နီယာ ဝန်ထမ်းများက လုပ်ငန်းအရည်အသွေး ပြည့်မီစေရန် သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဖောက်လုပ်ဆောင်ရွက်ခြင်းကို ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် ၊ တိုင်းဒေသကြီးရန်ပုံငွေကျပ် ၂၃ ဒသမ ၅ သန်းဖြင့် လမ်းအရှည်ပေ ၁ မိုင် အား လမ်းအကျယ် ၁၂ ပေ ၊ လမ်းအမြင့် ထု တစ်ပေ ၉ လက်မ မြေနီကျောက်စရစ် ကျောက်ရောမြေ ခင်းခြင်းအမျိုးအစား ကျေးလက်ကုန်ထုတ်လမ်းကို ဇွန်လ ၂၂ ရက်နေ့က စတင်၍ တင်ဒါအောင်မြင်သည့် Shwe Group ကုမ္ပဏီမှ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုလက်ရှိတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုမှာ ၄၅ ရာခိုင်နှုန်းခန့် ဖောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ ယင်း ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအား ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် တာဝန်ခံအင် ဂျင်နီယာ ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှု စစ်ဆေးကာ ဒေသခံတောင်သူများ ရေရှည်အသုံးပြု သွားလာနိုင်ရေးအတွက် တင်ဒါပါစည်းကမ်းချက်များအတိုင်း လုပ်ငန်း အရည်အသွေး ပြည့်မီအောင်နှင့် အချိန်မီ ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြား ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးလက်ကုန် ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက အကျိုးပြုအိမ်ခြေ ၃၀၀ ရှိ လူဦးရေ ၁၄၈၉ ဦး၏ စိုက်ပျိုးလယ်မြေဧက ၃၀၀ အတွက် ရာသီမရွေး အဆင်ပြေစွာ သွားလာစိုက်ပျိုးလုပ်ကိုင်နိုင်မည်ဖြစ်ကာ လယ်ယာထွက်ကုန် သီးနှံများကိုလည်း ဈေးကွက်သို့ အချိန်မီ တင်ပို့ ရောင်းချသွားနိုင်မည်ဖြစ်၍ ဒေသခံပြည်သူများ၏ ကျေးလက်လူ မှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြု နိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် က ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )