ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ကျင်းပ

သရက် ဩဂုတ် ၁၃

မကွေးတိုင်းဒေသကြီး သရက်မြို့၌ လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန် နှုတ်မှုစွမ်းရည် တိုးတက်စေရန် လူငယ်များ အချင်းချင်း  ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ့်ကျင့်တရား ကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၉)နာရီက အမှတ်(၂) အခြေခံ ပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် အထ.က(၂) ကျောင်းအုပ်ဆရာကြီး ဦးထွန်းထွန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက Moderator အဖြစ် ဆောင်ရွက်ကာ Grade-10 နှင့် Grade-11 ကျောင်းသား/ကျောင်းသူ (၆)ဦးက ဆွေးနွေးခဲ့ရာ G-10 ကျောင်းသူ မချမ်းစန္ဒာစိုးက လူငယ်နှင့် စာဖတ်ခြင်း အကျိုးကျေးဇူး ဆွေးနွေးရာမှာ အောင်မြင်တဲ့သူ တစ်ဦးဖြစ်ဖို့ စာပေလေ့လာ သင့်ပါတယ်လို့ ဆွေးနွေးခဲ့ပြီး G-10 ကျောင်းသား မောင်ခန့်ဇွဲဟိန်းက လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါးဆိုးကျိုးတွေနှင့် ပတ်သက်၍ ဆွေးနွေး‌ပေးခဲ့သည်။

ဆက်လက်၍ G-10 ကျောင်းသူ မဇင်ဇင်ဇော်က လူငယ်နှင့်ပညာရေး ဆွေးနွေးရာမှာ လူငယ်တွေ ကျောင်းပညာသင်ချိန်တွင် ဒုတိယအမျိုးအစားဖြစ်သည့် အသက်မွေးဝမ်းကြောင်းပညာကိုလည်း အခွင့်အရေးရှိလျှင် လေ့လာထားကြရန် ဆွေးနွေးပေးခဲ့ပြီး G-10 ကျောင်းသား မောင်ထက်မျိုးအောင်က လူငယ်နှင့်သတ္တိ ခေါင်းစဉ်ဖြင့် ဆွေးနွေးရာမှာ စိတ်ပိုင်းဆိုင်ရာသတ္တိနှင့် ရုပ်ပိုင်းဆိုင်ရာ သတ္တိ နှစ်မျိုးရှိပြီး စိတ်ပိုင်းဆိုင်ရာသတ္တိက ပိုမိုမြင့်မား၍ မိမိကိုယ်တိုင် လေ့ကျင့်မွေးမြူရမည်ဆိုသည့် အချက်များကို ဆွေးနွေးခဲ့သည်။ ထို့နောက် G-10 ကျောင်းသူ မသက်ရတီစံက လူငယ်နှင့်ဆိုရှယ်မီဒီယာ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ရာ ဆိုရှယ်မီဒီယာကို အသုံးပြု၍ မိမိဘဝ တိုးတက်အောင် ရှာဖွေရမည့် နည်းလမ်းများနှင့် ဆိုရှယ်မီဒီယာ၏ ဆိုးကျိုးများကို ရှောင်ရှားနိုင်ရန် ဆွေးနွေးခဲ့ပြီး  G-11 ကျောင်းသူ မစန်းသူသူခင်က လူငယ်နှင့် အချိန်၏ တန်ဖိုးခေါင်းစဉ်ဖြင့် လူငယ်တွေအချိန်ကို မိမိဘဝအတွက် ဘယ်လိုအကျိုးရှိအောင် အသုံးချမလဲဆိုတဲ့ အချက်များဖြင့် ဆွေးနွေးခဲ့သည်။ ထို့နောက် ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေ က ပါဝင်ဆွေးနွေးပေးခဲ့သည့် ကျောင်းသား/ကျောင်းသူ (၆)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။ ဆွေးနွးပွဲ အပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ပြသထားသည့် စာအုပ်ပြပွဲနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား/ ကျောင်းသူ များက ကြည်ရှုခဲ့ကြကြောင်း သိရသည်။

ဇော်ထက်(သရက်)