ကျွန်းလှမြို့နယ်၌ ကိုယ့်အားကိုယ်ကိုး ကျေးရွာတွင်းလမ်း ပြုပြင်ခြင်းနှင့် ကွန်ကရစ်တံတား များတည်ဆောက်

ကျွန်းလှ ဩဂုတ် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာတွင် ကိုယ့်အားကိုယ်ကိုး ကျေးရွာတွင်း လမ်းပြုပြင်ခြင်းနှင့် ကွန်ကရစ်တံတားများ တည်ဆောက်ခြင်း ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင်းလမ်း ပေ ၁၀၀၀ ကျော်နှင့် အရှည် (၁၈) ပေ၊ အကျယ် (၄) ပေ ကွန်ကရစ် တံတား (၃) စင်းကို ရွာသူ ရွာသားများ၏ လှူဒါန်းမှုဖြင့် ကျေးရွာတာဝန်ရှိသူများ၊ ပြည်သူ့စစ် တပ်ဖွဲ့၊ ကျေးရွာသူ၊ ကျေးရွာသားများ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြောင်း အင်းကောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။

ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာတွင် ရွာတွင်း (၅)လမ်း၊ လမ်းသွယ် (၁၁) လမ်းရှိပြီး ကျန်ရှိသည့် လမ်း၊ တံတားများ ကောင်းမွန်စေရန် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်း၊ တံတားများ ပြုပြင်တည်ဆောက်ခြင်းဖြင့် ရဟန်း ရှင်လူပြည်သူများ၊ ခရီးသွားပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ ရာသီမရွေးသွားလာရေး အဆင်ပြေမည်ဖြစ်ကြောင်း ‌ကျေးရွာနေပြည်သူတစ်ဦးက ပြောပြသည်။

မျိုးဝင်းညို ကျွန်းလှ