ရွှေတောင် သြဂုတ် ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြို့မစျေးအတွင်း ကုန်စုံဆိုင်၊ စတိုးဆိုင်များနှင့် ရွှေတောင်မြို့ပေါ် ကုန်စုံဆိုင်၊ စတိုးဆိုင်များကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများ၊မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက အစားအသောက်နှင့် ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်း ရှိ/ မရှိတို့အား စစ်ဆေးကြည့်ရှုခဲ့သည်။
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေတွင် ကုန်စည်များ၌ ကုန်အညွှန်း အမှတ်အသားများ ဖော်ပြရန် ပြဋ္ဌာန်းထားကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဥ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်ကို အရောင်းဆိုင်များသို့ ဖြန့်ဝေထားပြီးဖြစ်ကြောင်းနှင့် အရောင်းဆိုင်များအနေဖြင့် သတ်မှတ်ကုန်ညွှန်း အမှတ်အသား ပြည့်စုံစွာ ဖော်ပြထားမရှိသော ကုန်စည်များကို ရောင်းချခြင်း မပြုကြရန် အသိပညာပေးခြင်းနှင့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း ( ပြန်/ဆက်)