ကျွန်းစုမြို့တွင် အခြေခံပညာကျောင်းများ၌ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကျွန်းစု ဩဂုတ် ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အမျိုးသမီးကော်မတီနှင့် လူကုန်ကူးမှု တားဆီကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောပွဲကို ကျွန်းစုမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန့်က မှုခင်းဖြစ်ပွားမှုများနှင့် ပတ်သက်၍ ရှောင်ရန်၊ ဆောင်ရန် အချက်များအား ဆွေးနွေးပြောကြားခဲ့ကာ ရဲတပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးက မိုးရာသီကာလတွင် ခြင်၊ ယင်ကြောင့်ဖြစ်သည့် သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါများ မဖြစ်ပွားစေရေးအတွက် ရောဂါနှိမ်နင်းသည့် နည်းလမ်းများအား လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းအား လည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းမာက ပညာရေးဆိုင်ရာများအားလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ခိုင်ကေသွယ် က ဥပဒေဆိုင်ရာများအား လည်းကောင်း၊ မြိတ်ခရိုင်၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ဝေလွင်က လူကုန်ကူးမှုနှင့် ပတ်သက်၍ ရှောင်ရန်၊ ဆောင်ရန် အချက်များအား လည်းကောင်း အသိပညာပေး ဟောပြောခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ နံရံကပ်ဗွီနိုင်းများကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

အလားတူ ကတ္တလူကျေးရွာအုပ်စု၊ ကတ္တလူကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ မွန်းလွဲ (၁) နာရီခွဲအချိန်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)