တောင်တွင်းကြီး ဩဂုတ် ၁၃
ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောခြင်းကို ဩဂုတ်လ ၁၂ ရက်နေ့က တောင်တွင်းကြီးမြို့နယ်၊ ငမင်အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မျိုးထက်က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေထွန်းက စာဖတ်နည်းသုံးနည်း အကြောင်းနှင့်စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် စာသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးက အစားအသောက်နှင့် ပတ်သက်၍ ကုန်စည်နှင့်ဝန်ဆောင်မှု၊ ကုန်ညွှန်းအမှတ် အသားများအကြောင်းနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဖြိုးကိုက အားကစားဆိုင်ရာ သိကောင်းစရာ များနှင့်ပတ်သက်၍ အသီးသီး အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။
ယင်းနောက် ကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ပြီး ဟောပြောပွဲ အပြီးတွင် ကျောင်းသား၊ကျောင်းသူလေးများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါ ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အောင်ကို (ပြန်/ဆက်)