စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရွှေတောင် သြဂုတ် ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တိုင်း/ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများသည် ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် အဖွဲ့သည် ရွှေတောင်မြို့နယ်၊ နွားမယံကျေးရွာအုပ်စုရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) နတ်မှော်မြစ်ရေတင်လုပ်ငန်းတွင် စိုက်ပျိုးရေပေးဝေနေမှု အခြေအနေနှင့် စက်လည်ပတ်မှု အခြေအနေများ၊ ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်၊ အ.ထ.က (ရွှေတောင်) ကျောင်းဝန်းအတွင်းရှိ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားနေမှု အခြေအနေများနှင့် အဆောင်နေ ကျောင်းသား/ကျောင်းသူများ တည်းခိုနေထိုင်ရေး ကိစ္စရပ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး ကိစ္စရပ်များနှင့် သောက်သုံးရေ ရရှိနိုင်မှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တိုင်း/ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ကိုယ်စား) ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါ၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို သက်ဆိုင်ရာ ဌာနများမှ ရှင်းလင်းတင်ပြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းလမ်းညွှန်မှာကြားပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)