မအူပင် ဩဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မီးသွေးချောင်းကျေးရွာအုပ်စု၊ လယ်ကိုင်းကျေးရွာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မအူပင်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကျင်းပပြုလုပ်သည့် လူငယ်များအလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ရေးဆောင်ရွက်မည့် စီမံကိန်းအတွက် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲအခမ်းအနားအား ဩဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက လယ်ကိုင်းဘုန်းတော်ကြီးကျောင်း၊ တန်ဆောင်းတော်ကြီးအတွင်း ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီထွေးက အဖွင့်အမှာစကားပြောကြားပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဆွေဇင်အေးက ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု ဖော်ဆောင်ပေးခြင်းဖြင့် အသေးစားအငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရန်၊ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန်နှင့် လူငယ်များအားအလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးခြင်းဖြင့် ပြည်သူများဝင်ငွေတိုးပွားစေရန်စသည့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူးကိုယ်စား တာဝန်ရှိသူများက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရန်နှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းအား လယ်ကိုင်းကျေးရွာရှိ စီမံကိန်းကော်မတီဝင်များသို့ စီမံကိန်းလုပ်ငန်းတာဝန်များလွှဲပြောင်းပေးအပ်ခဲ့ကြသည်။ ၎င်းနောက်တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတိုးတိုးဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၁)လတာကာလအတွင်း စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)