မလှိုင်မြို့၌ အဂတိတိုက်ဖျက်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

မလှိုင်  သြဂုတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊  မလှိုင်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်  ဦးဆောင်၍ ဝန်ထမ်းများအား အဂတိတိုက်ဖျက်ရေးအသိပညာပေးဆွေးနွေးပွဲကို ဩဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲ(၃)နာရီ အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဉီးစွာ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် အဂတိတရား(၄)ပါးကင်းရှင်းရန် လိုအပ်ကြောင်း၊ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် အဂတိတရား(၄)ပါး ဖြစ်သည့် ဆန္ဒာဂတိ ၊ ဒေါသဂတိ ၊ မောဟဂတိ ၊ ဘယာဂတိတို့ ကင်းရှင်းစွာဆောင်ရွက်ကြရန်၊ အဂတိလိုက်စားမှု Corruption သည် ကိုယ့်ကျင့်တရား ပျက်ယွင်းခြင်းဖြစ်ပြီး အကျိုးအမြတ်တွက်ချက်ပြီး ကျူးလွန်သည့် ရာဇဝတ်မှုဖြစ်ကြောင်းနှင့် နိုင်ငံဖွံ့ ဖြိုးတိုးတက်မှုကို အတားအဆီး ဖြစ်စေသည့်အပြင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အဟန့်အတားဖြစ်စေပြီး အများပြည်သူများ၏ ယုံကြည်မှုကိုပျက်ယွင်းစေကြောင်း၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ခြင်း၏အရေးပါပုံ၊ ဝန်ထမ်းများအသေးစားအဂတိလိုက်စားမှုမှအစ မဖြစ်စေရေး၊ ထိရောက်စွာ စနစ်တကျတားဆီးကာကွယ်ရန်အချက်များကို ပါဝါပွိုင့်ဖြင့် အသေးစိတ်ချပြ ရှင်းလင်းဆွေးနွေးခဲ့သည်။

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ တားဆီးကာကွယ်ခြင်းကဏ္ဍ လက်ကမ်းစာစောင်များကို ဝန်ထမ်းတစ်ဦးချင်းသို့ ဖြန့်ဝေပေးခဲ့ပြီး သိရှိလိုသည့် မေးမြန်းဆွေးနွေးမှုများနှင့်ပတ်သက်ပြီး အသေးစိတ်ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။ အဆိုပါ အဂတိတိုက်ဖျက်ရေး အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း(၂)ဦး ၊ အမှုထမ်း (၂၉)ဦး စုစုပေါင်း(၃၁)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)