ပေါက်ခေါင်း သြဂုတ် ၁၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အသေးစား စက်မှုလက်မှု လုပ်ငန်းဉီးစီးဌာနက ကြီးမှူးကျင်းပသော ပေါက်ခေါင်းမြို့နယ် ဘန့်ပြင်ကျေးရွာအုပ်စု ကြိုးကြာကျေးရွာ နှစ်ချင်းဘုရားရှိခိုးကျောင်း၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများဝင်ငွေတိုးရေး စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်သည့် တိုင်းရင်းသားရိုးရာဂျပ်ခုပ် နည်းပညာသင်တန်း (ရက်ကန်းဒီဇိုင်း) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီကကျင်းပပြုလုပ်ခဲ့ရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက်ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးငြိမ်းမြင့်ဇော်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးသူမောင်မှ သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ သင်တန်းသူတစ်ဦးကလက်ခံရယူသည်။
ယင်းနောက်တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်အဆင့် ဌာနဆိုင်ရာများမှ အကြီးအကဲများ၊ ပေါက်ခေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်မှ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသူများတက်ရောက်ခဲ့သည်။
အဆိုပါ တိုင်းရင်းသားရိုးရာဂျပ်ခုပ် နည်းပညာသင်တန်း(ရက်ကန်းဒီဇိုင်း)သို့ သင်တန်းသူ (၁၅) ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ သြဂုတ်လ (၁၀) ရက်နေ့မှ စက်တင်ဘာလ (၈) ရက်နေ့အထိ တစ်လကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ပြီး မွမ်းမံသင်တန်းကိုလည်း (၁၅) ရက်ကြာ ထပ်မံ သင်ကြားပေးသွားမည်ဖြစ်ကာ သင်တန်းပြီးဆုံးပါက လုပ်ငန်းထူထောင်မည့်သူ (၅) ဦးအား ဌာနမှတစ်ဦးလျှင် ငွေကျပ် (၁၀) သိန်းနှင့်ညီမျှသော ထောက်ပံ့ပစ္စည်းများ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)