ပွင့်ဖြူမြို့နယ်၌ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးလက်လမ်း/တံတားများ ၅၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီး

ပွင့်ဖြူ     ဩဂုတ်     ၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဒေသတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေတို့ဖြင့် ကျေးလက်လမ်း/ တံတားလုပ်ငန်း(၅)ခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ၅၀ ရာခိုင်နှုန်းခန့်   ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်ထောင်စုဘတ်ဂျတ် ခွင့်ပြုရန်ပုံငွေကျပ် ၂၀၄ သန်းဖြင့် ပွင့်ဖြူမြို့နယ် လယ်ကိုင်း - ရွှေလှေ - ထနောင်းကုန်း ကျေးရွာချင်းဆက်လမ်းပေါ်တွင် အရှည်ပေ ၆၀ ကွန်ကရစ် တံတား(၁)စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ တိုင်းဒေသကြီးဘတ်ဂျတ် ခွင့်ပြုရန်ပုံငွေ ၂၁၇ သန်း ဖြင့် ပွင့်ဖြူမြို့နှင့် ညောင်ပင်ရွာသို့ ဆက်သွယ်သွားလာသည့် လမ်းအရှည်ပေ (၀ ဒသမ ၇)မိုင်အား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ၊ တိုင်းဒေသကြီးဘတ်ဂျတ် ခွင့်ပြုရန်ပုံငွေကျပ် ၆၈ ဒသမ ၂၉၃ သန်းဖြင့် ပုသိမ် - မုံရွာ ကားလမ်း လမ်းဆုံမှ ကျွဲခြံကျေးရွာနှင့် လယ်မကျေးရွာသို့ ဆက်သွယ်သွားလာသော လမ်းမပေါ်ရှိ ဘေလီတံတားအား ရေရှည်တည်တံ့ကောင်းမွန်စေရန် အရှည် ၄၃ ပေ ရှိ မြေထိန်းနံရံ(၄)ခု တည်ဆောက်ခြင်းလုပ်ငန်း၊ တိုင်းဒေသကြီး ဘတ်ဂျတ် ခွင့်ပြုရန်ပုံငွေကျပ် ၂၄ သန်းဖြင့် ရွာခိုင် - ကျွဲတိ - ကန်ပြည့် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ အရွယ်အစား       (၁၅‌ ပေ × ၂၄ ပေ) ကျောက်ကြီးစီ ကမ်းကပ်ခုံ သံကူကွန်ကရစ် ကြမ်းခင်းတံတား (၁)စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ တိုင်းဒေသကြီးဘတ်ဂျတ် ခွင့်ပြုရန်ပုံငွေကျပ် ၉ သန်းဖြင့် အရွယ်အစား(၅‌ ပေ × ၅‌ ပေ × ၂၄ ပေ) ကျောက်ကြီးစီ ကမ်းကပ်ခုံ သံကူကွန်ကရစ်ကြမ်းခင်း Box Culvert တံတား(၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို စုစုပေါင်း ခွင့်ပြုရန်ပုံငွေကျပ် ၅၅၂ ဒသမ ၂၉၃ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ယခုအခါ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသည့် လမ်း/တံတားလုပ်ငန်းများမှာ ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်မိမိလွင်ထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ နှစ်စဉ်ပြည်ထောင်စုဘတ်ဂျတ်နှင့် တိုင်းဒေသကြီးဘတ်ဂျတ် ခွင့်ပြုရန်ပုံငွေများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာချင်းဆက်လမ်း/တံတားများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း၊ ဆောင်ရွက်ပြီးစီးသည့် ကျေးလက်လမ်း/တံတားများ ရေရှည်အသုံးပြုသွားလာနိုင်ရေး မြေထိန်းနံရံများ တည်ဆောက်ခြင်း၊ ကျေးရွာချင်းဆက်မြေသား လမ်းများအား ကတ္တရာလမ်းများအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)