မုံရွာ ဩဂုတ် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် မုံရွာမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအကြောင်း သိကောင်းစရာအပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ဩဂုတ်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်း သလ္လာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင်ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က သက်ကြီးဘိုးဘွားများနှင့်ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာန၏ စောင့်ရှောက်ကူညီလျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးလှိုင်က ကြိုတင်ကာကွယ် ဘေးအန္တရာယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေအထောက်အကူပြုရေးအဖွဲ့ အဖွဲ့ဝင် ဦးကံမြင့်က ဘိုးဘွားများနှင့် ပတ်သက်သော ဥပဒေ နည်းဥပဒေများ အကြောင်းကိုလည်းကောင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ခေါင်းစဉ်ဖြင့် ရဲမှူးမြင့်စိုး ကလည်းကောင်း၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ခေါင်းစဉ်ဖြင့် တပ်ဖွဲ့စုမှူး၊ မူးယစ်တပ်ဖွဲ့စု (၈) မုံရွာမှ ဒုရဲမှူးဆန်တိုး ကလည်းကောင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးခေါင်းစဉ်ဖြင့် ဒုတပ်ဖွဲ့ခွဲ (၁၇) မုံရွာမှ ဒုရဲမှူးလှထွန်းကလည်းကောင်း အသီးသီးဆွေးနွေးပြောကြားခဲ့ကြပါသည်။
ထို့နောက်တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူလေးများအား စစ်ကိုင်းတိုင်းဒေသကြီး လူမှူဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ အသိပညာပေး လက်ကမ်းစာစောင်များအခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်းသိရှိရပြီး အခမ်းအနားသို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းမှကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)