လွိုင်ကော်မြို့တွင် ကိုဗစ်နိုင်ဆေးလျှက်ဆား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိစစ်ဆေး

လွိုင်ကော် အောက်တိုဘာ ၁၄

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနသည် အရည်အသွေးစစ်မှန် ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အကျိုးအာနိသင်ရှိသည့် တိုင်းရင်းဆေးဝါးများကို အများ ပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျစစ်ဆေးလျက်ရှိရာ ကယား ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ သုံးစွဲရန်မသင့်သော တိုင်းရင်းဆေးဝါးဖြစ်သည့် ကိုဗစ်နိုင်ဆေးလျှက်ဆား KOBITNAL MEDICAL SALT အား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိခြင်းကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့အတွင်းရှိ ဆေးဆိုင်များအား သွားရောက် စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီး ဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူမှုကွန်ရက်စာမျက်နှာ (Facebook) ပေါ်တွင် ရောင်းချလျက်ရှိသည့် ကိုဗစ်နိုင်ဆေးလျှက်ဆား KOBITNAL MEDICAL SALT  တိုင်းရင်းဆေးသည် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးဖြစ် သည့်အပြင် စစ်မှန်စွမ်းထက်မှုကို အာမခံချက်မပေးနိုင်သောကြောင့် လွိုင်ကော်မြို့နယ်အတွင်းရှိ ပြည်သူများ သုံးစွဲမှုမရှိစေရေးအတွက် ဆေးဆိုင်များ၌ တင်သွင်းရောင်းချမှုရှိ/ မရှိသွားရောက် ကွင်းဆင်း စစ်ဆေးခဲ့ရာ လွိုင်ကော်မြို့အတွင်း ဆေးဆိုင်များတွင် တင်သွင်းရောင်းချမှုမရှိကြောင်း တွေ့ရှိရသဖြင့် အဆိုပါဆေးနှင့် စပ်လျဉ်း၍ ဆေးဆိုင်များ၌ တင်သွင်းရောင်းချခြင်းမပြုရန်မှာ ကြားခဲ့ကြောင်း သိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)