ကလိန်အောင်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုကျင်းပ

ကလိန်အောင် ဩဂုတ် ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု ပြုလုပ်ကျင်းပကြောင်း သိရသည်။

အဆိုပါ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းနှင့် ဆရာ၊ ဆရာမများက ကျောင်းနေအရွယ်ကလေးများ၏ ကျန်းမာရေးနှင့်အာဟာရပြည့်ဝမှု တိုးတက်စေရန်ရည်ရွယ်၍ ကျောင်းအခြေပြုအစီအစဉ်များဖြင့် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ပညာသင်ယူချိန်တွင် ကျန်းမာရွှင်လန်းပြီး စိတ်ရောကိုယ်ပါ တက်ကြွစွာဖြင့်   ကျောင်းသား၊ ကျောင်းသူများ ကျောင်းနေပျော်ရေး၊ ကျောင်းတက်မှန်ရေး၊ ကျောင်းနေမြဲစေရေး ဆောင်ရွက်ခြင်းဖြစ်‌ကြောင်း ကျောင်းသား၊ ကျောင်းသူများ ကျန်းမာသန်စွမ်းရန်နှင့် အာဟာရပြည့်ဝရန်၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက် ရမည့်ကဏ္ဍဖြစ်သည်။

ထို့‌နောက် ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များကို တစ်ဦးခြင်းစီ အရပ်တိုင်ပေးခြင်း၊ ခန္ဓာကိုယ်အလေးအချိန် ပေါင်ချိန်ပေးခြင်း၊ စနစ်တကျလက်ဆေးနည်းနှင့် စနစ်မှန်သွားတိုက်နည်းကို သရုပ်ပြလက်တွေ့ပြုလုပ်ပေးခဲ့ကြသည်။ ဆက်လက်ပြီး  အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများမှ “ကျန်းမာပျော်ရွှင်ပညာသင်ဖို့ ပတ်ဝန်းကျင်းကောင်းဖန်တီးစို့” ခေါင်းစဉ်ဖြင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)