မုံရွာ ဩဂုတ် ၁၂
စိုက်ပျိုးရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၊ တိုင်းဒေသကြီးသီးနှံကာကွယ်ရေးဌာနခွဲမှ ကြီးမှူး၍ တောင်သူများအတွက် ပိုးသတ်ဆေးကိုင်တွယ် သုံးစွဲရာတွင် စနစ်တကျ အန္တရာယ်ကင်းရှင်းစွာ သုံးစွဲတတ်စေရန်၊ အစားအစာဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုမဖြစ်ပေါ်စေရေးအတွက် ရည်ရွယ်ပြီး ဘက်စုံသီးနှံ ပိုးမွှား/ရောဂါ ကာကွယ်နှိမ်နင်းရေး နည်းပညာပေး TOT သင်တန်းကို ဩဂုတ်လ ၁၀ ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး မြေ၊ မျိုး၊ ပိုး ရုံး သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး(စီမံ) ဦးထွန်းရှိန်မှ သင်တန်းသား/သင်တန်းသူများအနေဖြင့် တောင်သူများအား မှတ်ပုံတက်ထားသော ပိုးသတ်ဆေးများကို ဝယ်ယူသုံးစွဲရန်နှင့် အရောင်းဆိုင်များမှလည်း တရားဝင်ပိုးသတ်ဆေးများကို သာ ရောင်ချနိုင်ရေး အနီးကပ်ကြီးကြပ်ကာ အသိပညာပေးသွားကြရန် တိုက်တွန်းအမှာ စကားပြောကြားခဲ့သည်။
ဆက်လက်ပြီးဒုတိယတိုင်းဒေသကြီးဦးစီးမှူး(စိုက်ပညာ) ဦးအောင်ကြည်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ်များနှင့် စပ်လျပ်ပြီး တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးပညာပေး ဝန်ထမ်းများ ဘက်စုံပိုးမွှား/ရောဂါ ကာကွယ်နှိမ်နင်းရေး နည်းပညာများကို သိရှိပြီး စိုက်ပျိုးသူ တောင်သူများအား ဆက်လက်ပညာပေး ဆောင်ရွက်နိုင်စေရန်၊ ပိုးသတ်ဆေး ကိုင်တွယ်သုံးစွဲသူများ အဆိပ်သင့်မှုများလာခြင်း၊ စားသုံးသူများ ဓါတ်ကြွင်းအာနိသင်ကြောင်း ကျန်းမာရေး ထိခိုက်မှုများ ဖြစ်ပေါ်ခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ဖြစ်ပေါ်ခြင်း၊ ဖျက်ပိုးများ ပိုးသတ်ဆေးဒဏ်ခံနိုင်ရည်ရှိလာခြင်း၊ အကျိုးပြုမိတ်ဆွေပိုးများ သေစေခြင်းနှင့် စီးပွားရေးအရ ငွေကြေးကုန်မှုများလာခြင်းတို့ အန္တရာယ်မှ ကာကွယ်နိုင်မှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူ အကြီးအကဲများမှ သင်တန်းသား/သူများအား ဖောငမြောင်တောင် ဘက်စုံကာကွယ်နှိမ်နင်းနည်း၊ ပန်းတိုက်အထွက်နှုန်းရရှိရေးဆောင်ရွက်လျက်ရှိသော သီးနှံများတွင် ကျရောက်တတ်သည့် ဖျက်ပိုးရောဂါပေါင်းများနှင့် တောင်သူလယ်သမားများအတွက် တစ်ပိုင်တစ်နိုင်လက်တွေ့စိုက်ပျိုးရေးနည်းစနစ်များ သင်တန်းမှတ်စု စာအုပ်နှင့် သဘာဝပိုးသတ်ဆေးရည် ပြုလုပ်ဖော်စပ်နည်းများ၊ စပါးဆစ်ပိုးဘက်စုံကာကွယ်နှိမ်နင်းရေး ကာကွယ်နှိမ်နင်းနည်း လက်ကမ်းစာစောင်များကို လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး(၂)ဦး၊ တိုင်းဒေကြီး မြေအသုံးချရေးဌာနခွဲ၊ မျိုးစေ့ဌာနခွဲ၊ သီးနှံကာကွယ်ရေးဌာနခွဲ၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဘုတလင်မြို့နယ်ဦးစီးမှူး၊ အရာတော်မြို့နယ်ဦးစီးမှူး၊ မုံရွာမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ယင်းမာပင်ခရိုင်မှ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ စုစုပေါင်း ဝန်ထမ်း(၅၀)ဦး တက်ရောက်ခဲ့သည်။
ဆက်လက်ပြီး သင်တန်းကို ပို့ချပေးလျက်ရှိရာ တိုင်းဒေသကြီးသီးနှံကာကွယ်ရေး ဌာနခွဲမှ တာဝန်ခံနှင့် ဝန်ထမ်းများက တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများ သဘာဝပိုးနှင်ဆေး လက်တွေ့ပြုလုပ်နည်းအား လက်တွေ့ပြုလုပ်ပြသဆောင်ရွက်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးသီးနှံကာကွယ်ရေး တာဝန်ခံ ဦးမြင့်လွင်မှ သီးနှံ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်များအကြောင်း၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ခင်ခင်အေးမှ ဘက်စုံပိုးမွှား/ရောဂါကာကွယ်နှိမ်နင်းရေးနည်းပညာများ၊ တိုင်းဒေသကြီး သီးနှံကာကွယ်ရေးဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းချိုမှ ပိုးသတ်ဆေး စနစ်တကျ ကိုင်တွယ်အသုံးပြုမှု နည်းပညာများကို ရှင်းလင်း ဆွေးနွေးပို့ချခဲ့ကြပြီး သင်တန်းကို တစ်ရက်တာ ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)