ဖြူးမြို့နယ်၌ ဆီထွက်သီးနှံ မိုးနေကြာအားတောင်သူများ တိုးချဲ့စိုက်ပျိုးနိုင်ရေး အသိပညာပေးစိုက်ခင်းဖြင့် စိုက်ပျိုးထား

ဖြူး သြဂုတ် ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ဆီထွက်သီးနှံဖြစ်သည့် မိုးနေကြာစိုက်ပျိုးမှုမှာအခြားရာသီများ ထက်စိုက်ပျိုးမှုနည်းသော်လည်း ဒေသတွင်းစားသုံးဆီဖူလုံရေး၊ တောင်သူများတိုးချဲ့စိုက်ပျိုးနိုင်ရေး အသိပညာပေး စိုက်ခင်းကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ရန်ကုန်-မန္တလေးအမြန်လမ်းဘေး (၁၁၃)မိုင်အနီး စိုက်ခင်းအတွင်းတွင် စိုက်ပျိုးထားကြောင်း သိရသည်။

"မိုးနေကြာစိုက်ပျိုးရာမှာ စနစ်တကျ စိုက်ပျိုးနည်းအရ  တစ်ဧကမှာ နွားချေး/ မြေဆွေး (၅)စီးမှ(၁၀)စီးနှုန်း၊ ပုလဲမြေသြဇာ(၁၆)ပြည်၊ တီစူပါ(၁၆)ပြည်၊ ပိုတက်(၈)ပြည်နှုန်းကို စိုက်ထည်ရေးပြင်ချိန်မှာ  ထည့်သွင်းပြီး တန်းကြား(၂)ပေ၊ ပင်ကြား(၉)လက်မ၊ တစ်ကျင်းမှာ (၂)စေ့နှုန်း၊ မျိုးစေ့အတိမ်အနက် (၁)လက်မခွဲခန့်ပေါ့ မျိုးစေ့ချစိုက်ပျိုးရမှာပါ ဒါကတော့ စတင်စိုက်ပျိုးချိန်ပါ နောက်အပင်ပေါက်သက်တမ်း (၁၅)ရက်ရှိလာချိန်မှာ အသန်ဆုံးတစ်ပင်သာ ချန်ထားပြီး(၄၀)ရက်သားရှိလာရင် ပေါင်းရှင်းကြားထွန်လိုက်ရပါမယ်၊ အဖူးဝင်လာပြီဆိုရင်တော့ ပုလဲ (၁၆)ပြည်ထည့် ဘောင်သွင်းတင်ပေးရပါတယ်။ ပိုးမွှားအတွက်ကတော့ ပန်းပွင့်ချိန်မှာ ဝတ်မှုန်ကူးပေးမယ့်ပျား၊ ပိတုန်းများအတွက် မထိခိုက်စေအောင် စီစဥ်ဆေးဖျန်းခြင်းကိုတော့ အထူးဂရုစိုက်ဖို့လိုပါတယ်"ဟု ဖြူးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခင်မောင်ဆွေက ပြောသည်။

နေကြာစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးနေကြာမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးနည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးနေပြီး အသိပညာပေး စိုက်ကွက်အနေဖြင့် (ဆင်းရွှေကြာ-၂) မိုးနေကြာ(၅)ဧကကို ဇွန်လပိုင်းမှ စတင်စိုက်ပျိုးထားရှိကြောင်း စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)