ကျုံပျော် အောက်တိုဘာ ၁၄
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ချို့တဲ့အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် မြို့ပေါ်နှင့် ရပ်ကွက်အတွင်းရှိ အလှူရှင်များစုပေါင်းကာ လှူဒါန်းမှုပြုလုပ်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော် မြို့နယ်၊ တေဇရပ်ကွက် အုပ်ချုပ်ရေးမှုးရုံး၌ ယနေ့နံနက်က ပြုလုပ်သည်။
တေဇရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှမိုးက "ယခု ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားကာလ ကြာလာသည့်အတွက် ရပ်ကွက်တွင်းရှိ ချို့တဲ့အိမ်ထောင်စုများ စားဝတ်နေရေးအခက်အခဲ ဖြစ်လာကြောင်း၊ အချို့သူများ ဆန်ကို မဝယ်နိုင်သဖြင့် ဆန်ချေးဌားကာ စားသောက်ခြင်းများ ရှိလာကြောင်း၊ မိမိတို့ထံသို့ လာရောက် အကူအညီ တောင်းခံသူများလည်း ရှိကြောင်း၊ ရပ်ကွက်ပြည်သူများ အခက်အခဲသည် မိမိအခက်အခဲပင် ဖြစ်သည့်အတွက် မိမိတို့ ဦးဆောင်ကာ အလှူရှင်များ ဖိတ်ခေါ်၍ ယခုကဲ့သို့ လှူဒါန်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း" ပြောကြားသည်။
ယခုလှူဒါန်းမှုသည် တတိယအကြိမ်ဖြစ်ပြီး၊ ပထမအကြိမ်တွင် အိမ်ထောင်စု (၃၀)၊ ဒုတိယအကြိမ်တွင် အိမ်ထောင်စု (၉၀)နှင့် ယခုတတိယအကြိမ်တွင် အိမ်ထောင်စု (၁၅၀)တို့ကို ဆန်၊ ဆီ၊ ကြက်သွန်နီ စသည့် ပစ္စည်းများကို လှူဒါန်း ပေးခဲ့ကြောင်း၊ ထပ်မံ၍လည်း ရပ်ကွက်အတွင်း စားဝတ်နေရေး အခက်အခဲရှိသူများ ကို ဆက်လက်လှူဒါန်း ဆောင်ရွက် သွားရန်ရှိကြောင်း သိရသည်။
နေဝင်းမြင့်(ကျုံပျော်)