တောင်တွင်းကြီး ဩဂုတ် ၁၂
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ကုက္ကိုခွကျေးရွာ ရန်ပယ်ချောင်းကူး ကားလမ်းတံတားအနီးတွင် တည်ရှိသည့် သတိုးတန်းရေလွှဲဆည် အား ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆည်ရေသောက်သုံးသည့် တောင်သူများ မိုးစပါးနှင့်သီးထပ်သီးညှပ် စိုက်ပျိုးနိုင်ရန်၊ ရန်ပယ်ချောင်းရေကို အကျိုးရှိစွာအသုံးချနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ တောင်သူများ စိုက်ပျိုးရေလုံလောက်စွာရရှိစေရန် အဆိုပါ ရေလွှဲဆည်အား မျောရိုက်ကျောက်ဖြည့်၍ ပြုပြင်တည်ဆောက်ခြင်း နှင့် ရေသောက်မြောင်းများ ပြုပြင်ပေးခင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တောင်သူများ စိုက်ပျိုးရေလုံလောက်စွာရရှိနိုင်ရေးနှင့် တောင်သူများ၏ အကျိုးစီးပွား ပိုမိုဖြစ်ထွန်းအောင် အလေးထားဆောင်ရွက်စေလိုကြောင်း ပြောကြားပြီး ဝါးခြမ်းကာကျေးရွာအုပ်စုအတွင်းရှိ တောင်သူများစိုက်ပျိုးထားသည့် မိုးစပါးများအား စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် ရေပေးဝေနေမှု အခြေအနေ များကို ကြည့်ရှုကာ တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် မင်းကြီးရောင် ရေလွှဲဆည်သို့ရောက်ရှိပြီး အဆိုပါရေလွှဲဆည်ရှိ ကျေးရွာများမှ တောင်သူများ စိုက်ပျိုးရေပြည့်ဝစွာ ရရှိနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ထိုမှတဆင့် တည်ဆောက်ရေး(၃)ဧည့်ရိပ်သာ၌ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)