စိုက်ပျိုးရေးဦးစီးဌာန(နေပြည်တော်)မှညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင်ထွန်း စိုက်ပျိုးရေးသိပ္ပံ(သာယာဝတီ) သို့ ကြည့်ရှုစစ်ဆေး၊ ဝန်ထမ်းများနှင့်တွေ့ဆုံ

သာယာဝတီ   သြဂုတ် ၁

စိုက်ပျိုးရေးဦးစီးဌာန(နေပြည်တော်)မှ  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင်ထွန်းနှင့်အဖွဲ့သည် ယမန်နေ့နံနက် ၁၁ နာရီက သာယာဝတီမြို့နယ်၊ စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ) ကျောင်းဝန်းအတွင်းရှိ စိုက်ပျိုးရေးဓာတ်ခွဲခန်းတွင် ဓာတ်ခွဲစမ်းသပ်ပြုလုပ်ထားရှိမှုများ၊ ကျောင်းသား/ကျောင်းသူများ၏ အဆောင်များ၊ ကျောင်းသား/ကျောင်းသူများ လက်တွေ့စိုက်ပျိုးထားသည့် Organic စိုက်ခင်းများကို လိုက်လံကြည့်ရှုရာ ကျောင်းအုပ်ကြီးဒေါ်တင်မိုးထွဋ်နှင့် ခရိုင်စိုက်ပျိုးရေးဦးစီးမှူးဒေါ်မာမာအောင်တို့က လိုက်လံရှင်းလင်းပြသခဲ့သည်။ ၎င်းနောက် ညွှန်ကြားရေးမှူးချုပ်က ကျောင်းသား/ကျောင်းသူများ စားသောက်စရိတ်အဖြစ် ၁၀ သိန်းကျပ် လှူဒါန်းပေးခဲ့သည်။

ယင်းနောက် ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် နေ့လယ်ပိုင်းတွင် သာယာဝတီခရိုင် စိုက်ပျိုးရေးဦးဌာနရုံးသို့ရောက်ရှိကာ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး တိုင်းစိုက်ပျိုးရေးဦးစီးမှူး ဦးစိုင်းသန်းအောင်က နွေစပါး၊ မိုးစပါးများ နှစ်စဥ်စိုက်ပျိုးထားရှိမှု၊ စပါးအထွက်နှုန်းရရှိမှု၊ သီးထပ်သီးညှပ်များ စိုက်ပျိုးထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ်က တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် နွေစပါး၊ မိုးစပါးများနှင့်ပတ်သက်၍ သတ်မှတ်ဧကများပြည့်မှီပြီး ထပ်မံလျာထားစိုက်ဧကများ တိုးလာအောင် ဆောင်ရွက်ကြရန်တို့ကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

သန့်ဇော်