ပဲခူး ဩဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ယခုအခါ ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေအမှတ်အထက် (၃)ပေခန့် ကျော်လွန်ရောက်ရှိလျက်ရှိပြီး ရက်ကွက် (၁၃)ခု၊ ကျေးရွာ(၆)ရွာတို့တွင် ယာယီရေဘေးကယ်ဆယ်ရေး စခန်းပေါင်း(၃၀)ခန့် ဖွင့်လှစ်ထားရှိပြီး ရေဘေးသင့် အိမ်ခြေ(၃၄၉၄)၊ အိမ်ထောင်စု(၃၆၅၀)စု၊ လူဦးရေ (၁၅၃၉၅) ဦးအား ယာယီကူညီစောင့်ရှောက်မှုပေးလျက်ရှိကြောင်း၊ ရေဘေးသင့်ပြည်သူများ၏ နေ့စဉ်စားသောက်ရေးအတွက် လိုအပ်ချက်မရှိစေရေး မိမိတို့အစိုးရအဖွဲ့ ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်၊ ဘဲဥ၊ ကြက်ဥ၊ အသား/ငါးများ ဆက်လက်ပံ့ပိုး ဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး ယာယီရေဘေးကယ်ဆယ်ရေးစခန်း အလိုက် အစိုးရအဖွဲ့ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက အနီးကပ်ကြီးကြပ်ဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ မိုးများသည့် ရာသီဥတုဖြစ်၍ တမံများ၊ ရေတားတာဘောင်များ၏ ကြံ့ခိုင်မှုများကို အချိန်နှင့်တစ်ပြေးညီစစ်ဆေးသွားရန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မှာယူထားသည့် လက်ဆွဲ ကောက်စိုက်စက်များ မကြာမီရောက်ရှိတော့မည် ဖြစ်၍ ရေကြီးနစ်မြုပ်သည့် လယ်မြေများ ပျက်စီးဆုံးရှုံးမှုအပေါ် ပြန်လည်ကုစားနိုင်ရေး ကြိုတင်ပျိုးထောင်ခြင်းများ ဆောင်ရွက်ထားရန် လိုအပ်ကြောင်းနှင့် ရေဘေး ကယ်ဆယ်ရေးလုပ်ငန်းများ ပါဝင်ဆောင်ရွက်လျက်ရှိသည့် စက်တပ်ရေယာဉ်/မော်တော်ယာဉ်များ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးသွားရန်လိုအပ်ကြောင်း၊ ယာယီရေဘေးကယ်ဆယ်ရေးစခန်းအလိုက် အမိုးအကာလုံခြုံမှုရှိစရေး၊ ကူးစက်ရောဂါဖြစ်ပွားမှုမရှိစေရေးအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်က ကူညီကယ်ဆယ်ရေး၊ ထောက်ပံ့ရေးဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း၊ အမှတ်(၇၇)ခြေမြန် တပ်မဌာနချုပ်၊ တပ်မှူး ဗိုလ်မှူးကြီး ကျော်ကျော်ဟန်က တပ်မတော်သားများအနေဖြင့် ရေကြီးနစ်မြုပ်သည့် ရပ်ကွက်/ကျေးရွာများအလိုက် ပံ့ပိုးကူညီဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း အသီးသီး တင်ပြခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသည့် တပ်မတော်/ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ရေဘေးကယ်ဆယ်ရေးစခန်းများတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပဲခူးမြို့ ရေကြီးမှုဖြစ်စဉ်အား (Power Point) ဖြင့်လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)