မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၇/၂၀၂၃) ကျင်းပ

မကွေး       သြဂုတ်     ၁၂

မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံစီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၇/၂၀၂၃)ကို ယမန်နေ့နံနက်ပိုင်းက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။ 

အစည်းအဝေးတွင်  ဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က လက်ရှိတိုင်းဒေ သကြီးမှာ အရေးကြီးတဲ့ စိုက်ပျိုးရေးကဏ္ဍအနေဖြင့် စားဖိုဆောင် သီးနှံဖြစ်သော ကြက်သွန်နီစိုက်ပျိုးမှုကို ပြည်ပသို့ Export တင်ပို့နိုင်သည်အထိ အရည်အသွေးကောင်းမွန်စေရေး၊ (၁)ဧကလျှင် (၆၀၀၀) ပိဿာနှုန်းထွက်ရှိစေရေး အလေးထား ဆောင်ရွက်သွားရန်နှင့် သီးနှံပေါ်ချိန်တွင် တောင်သူများ ဈေးကောင်းရရှိစေရေးအတွက် ကြက်သွန်နီ စိုက်ပျိုးသူသမအသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက် သွားမည်ဖြစ်ပါ ကြောင်း၊ မွေးမြူရေး ကဏ္ဍအနေဖြင့် တိရစ္ဆာန် သယ်ဆောင်ခွင့်များနှင့် ပတ်သက်၍ တိုင်းဒေသကြီးကျော်လွန်သယ်ဆောင်မည်ဆိုပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ခွင့်ပြုချက်ရရှိရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရမှ စီမံကိန်းရန်ပုံငွေ (ခေါင်းစဉ်)အမျိုးမျိုးဖြင့် ဆောင်ရွက်ပေးနေသဖြင့် ပြည်သူများအကျိုးရှိအောင် အသုံးပြုနိုင်ရေး၊ ဆောင်ရွက်ပေးရမည့်ကျေးရွာများ ရွေးချယ်ရာတွင် လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရေး အလေးထားဆောင်ရွက်သွားရန်နှင့် သက်ဆိုင်ရာဌာနများအနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြန်ကြားရေးတာဝန်ခံများနှင့် ဆက်သွယ်၍ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန် နိုင်ရေး ကြပ်မတ်ဆောင်ရွက်ဖို့ကိုလည်း ပြောကြားလိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပတ်သက်ပြီး အရင်းမပျောက်မတည်ငွေ ကျပ်(၁၀)ဘီလီယံကနေ တိုင်းဒေသကြီးအတွင်းမှာ ထုတ်ချေးဖို့ အဆိုပြု လာတဲ့ လုပ်ငန်းတွေကို တိုင်းဒေသကြီးရဲ့ SOPs နှင့် ညီ/မညီစိစစ်ပြီး အတိုးပြား (၇၀)နှုန်းနှင့် ထုတ်ချေး ပေးနေပြီဖြစ်ရာ ပြီးခဲ့တဲ့(၆)လပိုင်းက ထုတ်ချေးငွေကျပ် (၂၅၅၈. ၅၅၅)သန်း၊ (၇)လပိုင်းကုန်မှာ ကျပ် (၅၄၁.၂၃၆)သန်း၊ စုစုပေါင်းကျပ်(၃၀၉၉.၇၉၁)သန်း ထုတ်ချေးထားပြီးဖြစ်ပါကြောင်း၊  ထပ်မံရောက်ရှိ လာတဲ့ ချေးငွေအဆိုပြုလွှာ များကိုလည်းစိစစ်ပြီး ဆက်လက် ထုတ်ချေးပေးသွားမယ် ဆိုတာကို အသိပေးပြောကြားလိုကြောင်း၊ ပညာရေးကဏ္ဍအနေဖြင့် မကွေးတိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ထက်၊ လယ်၊ မူအဆင့် ကျောင်းကျန်းမာရေး အဆင့်မြှင့် ထူးချွန်ဆု ရရှိသည့် ကျောင်း (၃)ကျောင်းရွေးချယ်ပြီး အခြေခံပညာသို့ ပေးပို့တင်ပြပြီး ဩဂုတ်လ၊ ဒုတိယပတ်တွင် တိုင်းဒေသကြီး အဆင့် အခမ်းအနားဖြင့် ဆုချီးမြှင့်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိကပညာရေးဥပဒေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ်(၅၀/၂၀၂၃) ရှင်းလင်းပွဲကို ကိုယ်ပိုင်ကျောင်းများနှင့် ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများအား ရှင်းလင်းပေးခြင်း၊ ပညာရေးဘီအီးဒီ တက်ရောက်မည့် သင်တန်း သားဦးရေ(၉၈၄)ဦးအား လျာထားတင်ပြ ဆောင်ရွက်လျက်ရှိပြီး ဖွံ့ဖြိုးရေးတက္ကသိုလ် တက်ရောက်မည့် သင်တန်းသားလျှောက်လွှာများခေါ်ယူခြင်းနှင့် မကြာမီဝင်ခွင့်စာမေးပွဲ ကျင်းပရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး ၂၀၂၃ခုနှစ်၊ ဇူလိုင်လအတွင်း လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(၁)ကြိမ်၊ ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း (၂)ကြိမ်ဖွင့်လှစ်ပို့ချခဲ့ပြီး အခြေခံ/အဆင့်မြင့် စက်ချုပ်နည်းပညာ သင်တန်းအား(၃၀-၇-၂၀၂၃) မှ(၁၃-၈-၂၀၂၃)ရက်နေ့ထိ မင်းဘူးမြို့နယ်၊ တောင်မန်းစံပြကျေးရွာတွင် ဖွင့်လှစ်ပို့ချလျက်ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း MSME လုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို နည်းပညာတက္ကသိုလ်တွင်(၁)ကြိမ်၊ တိုင်းဒေသကြီး MSME အေဂျင်စီ အဖွဲ့ဝင်များနှင့် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌(၁)ကြိမ် ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ မကွေးတိုင်း ဒေသကြီးအတွင်း ပန်းခင်းစီမံချက်-၂ ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးခြင်းလုပ်ငန်းများကို မြေပြင်ကွင်းဆင်း၍ ဆောင်ရွက်မှသာ ရည်မှန်းချက်ပြည့်မြောက်နိုင်မည်ဖြစ်၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစီမံချက် ရေးဆွဲတင်ပြဖို့ကိုလည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ အကြောင်းကြားထားရှိပြီးဖြစ်သည့်အတွက် ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်ဖို့နှင့် ပေါင်းစပ်ကူညီဆောင်ရွက် သွားကြဖို့လိုအပ်ပါ ကြောင်း၊ နောက်ပြောကြားလိုတာကတော့ တိုင်းဒေသကြီးအတွင်း စက်သုံးဆီဆိုင်များအား စက်သုံးဆီများ သတ်မှတ်ဈေးနှုန်းအတိုင်း မှန်ကန်စွာ ရောင်းချစေရေး၊ အချိန်အတွယ် မှန်ကန်စေရေး၊ စက်သုံးဆီ ပြတ်လပ်မှု မရှိစေရေးတို့ကိုလည်း သက်ဆိုင်ရာဌာနမှ ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ဖို့ လိုပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများရှိပါကလည်း တိုင်းဒေသ ကြီးအစိုးရအဖွဲ့သို့ အချိန်နှင့် တစ်ပြေးညီ တင်ပြသွားရန်နှင့် မိမိ အနေဖြင့် ဖြေရှင်းဆောင်ရွက် ပေးရမည့် လုပ်ငန်းများရှိပါကလည်း ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော လုပ်ငန်း စီမံကိန်းနှင့် လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှု ပထမ(၃)လပတ် အစီရင်ခံစာအပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အကြံပြုတင်ပြထားမှုနှင့် ပတ်သက်ပြီး ဌာနဆိုင်ရာများ အားလုံးအနေဖြင့် အကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက်သွားဖို့ လိုအပ်ပါကြောင်းနှင့် ဆက်လက်ပြီး ကျန်းမာရေးကဏ္ဍ ကိုဗစ်-၁၉  ရောဂါကာကွယ်ရေးအတွက် တိုင်းဒေသကြီးအတွင်း ထပ်ဆောင်းကာကွယ်ဆေး အရှိန်အဟုန်မပျက် ဆက်လက်ထိုးနှံနိုင်ရေး ဆိုင်ရာများ၊ တိုင်းဒေသကြီးအတွင်း ကုန်ဈေးနှုန်း ကျဆင်းရေးဆိုင်ရာကိစ္စရပ်များနှင့် မြို့ရွာသန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် စုပါင်းသန့်ရှင်းရေး ဆောင်ရွက်ရန် ကိစ္စရပ်များတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမျိုးအောင်က အစည်း အဝေး(၆/၂၀၂၃) ဆုံးဖြတ်ချက်များအား ဆွေးနွေးတင်ပြခဲ့ပြီး တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ အထွေထွေ ဆွေးနွေးတင်ပြဆောင်ရွက်ကာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ ဥပဒေချုပ် ဦးတင့်ဝေတို့က ကဏ္ဍအလိုက် အသီးသီးဆွေးနွေး တင်ပြကြပြီး ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။  

မောင်ညီညာ