ရေတိုက်စားမှုကြောင့် ပျက်စီးသွားသော ပေ ၂၀ ရှိ ထို့ကော်ကိုး-ကျော်ခိုရွာ ကျေးရွာချင်းဆက်လမ်းတံတားအား ပေ ၆၀ ရှိ  သံဘေလီတံတားဖြင့် အစားထိုးပြင်ဆင်

ကော့ကရိတ် သြဂုတ် ၁၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် သြဂုတ်လ (၇) ရက်က မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေတိုက်စားမှုကြောင့် ပြတ်ကျသွားသည့် ထို့ကော်ကိုး-ကျော်ခို ကျေးရွာချင်းဆက် ပေ ၂၀ သံကူကွန်ကရစ် ချဥ်းကပ်လမ်းတံတားအား ပေ ၆၀ သံဘေလီတံတားဖြင့် ပြန်လည်ပြင်ဆင်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ နယ်စပ်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ လမ်းဦးစီးဌာနနှင့် ဒေါနကြယ်စင်ကုမ္ပဏီတို့ပူးပေါင်း၍  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရေတိုက်စားမှုကြောင့် ပျက်စီးပြိုကျသွားသည့်  ၂၀ ပေသံကူကွန်ကရစ်တံတားချဥ်းကပ်လမ်းအား ပျက်စီးမှု အခြေအနေကို သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြပြီး  နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောထူး ဦးဆောင်သောအဖွဲ့များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြည်သူများ အမြန်ဆုံးသွားလာနိုင်ရေးအတွက် ပေ ၆၀ သံဘေလီတံတားကို ပြန်လည်ဆောင်ရွက်ခဲ့ရာ ၈၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

KMW