မြိတ်မြို့တွင် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြိတ်    ဩဂုတ်   ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် ဆုချီးမြှင့်ပွဲကို အထက(၃)ကျောင်း ပညာရတနာခန်းမ၌ ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့ပြီး အထိမ်းအမှတ် ပြိုင်ပွဲ များတွင် ဆုရရှိကြသူများအား ဆုချီးမြှင့်၍ KG ကလေးငယ်များအား ဗီတာမင်အားဆေးနှင့် သွားပွတ်တံများ ပေးအပ်၍ ကျောင်းသား/သူများအား သံချဆေး တိုက်ကျွေးခဲ့ကြသည်။

နှစ်စဉ် ဩဂုတ်လ ဒုတိယပတ်ကို ကျောင်းကျန်းမာရေး သီတင်းပတ်အဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများကို နှစ်စဉ်နှစ်တိုင်း ရည်ရွယ်ချက်(၃)ရပ်ဖြင့် ကျင်းပလျက်ရှိကာ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ နှစ်စဉ်ကျင်းပခြင်းဖြင့်  ကျောင်းသား/သူများကို ကျန်းမာရေးနှင့် ညီညွတ်သော အလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးနိုင်စေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် ဆုချီးမြှင့်ပွဲတွင် မြိတ်ခရိုင်ပညာရေးမှူး ဒေါ်လှလှအေးက အဖွင့်အမှာစကားပြောကြားပြီး မြိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးဒေါက်တာယဉ်ယဉ်နွဲ့က ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထိုနောက် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဉာဏ်စမ်း ပြိုင်ပွဲတို့တွင် ဆုရရှိကြသော ကျောင်းသား/သူများ၊ ကျောင်းကျန်းမာရေး အဆင့်မြှင့်ကျောင်းဆုရရှိသော အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများ အား မြိတ်ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများက  ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ အမ်းအနားတက်ရောက်လာကြသည့် KG ကလေးငယ်များအား ဗီတာမင်အားဆေးနှင့် သွားပွတ်တံများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြပြီး ကျောင်းသား/သူများအား သန်ချဆေးများတိုက်ကျွေးခဲ့ကြသည်။ အခမ်းအနား၌ ကျောင်းကျန်းမာရေးအထိမ်းအမှတ် ပညာပေးနံရံကပ်စောင်များကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)