ဘားအံ ဩဂုတ် ၁၁
ကရင်ပြည်နယ်၊ ဘားအံမြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ဩဂုတ်လ (၁၀)ရက်နေ့၊ နေ့လယ်ပိုင်းတွင် ဘားအံမြို့ အမှတ်(၁)မူလတန်းကြိုကျောင်းနှင့် အမှတ်(၂)မူလ တန်းကြိုကျောင်းများသို့ သွားရောက်ကာ ကလေးငယ်များကို စနစ်တကျပြုစုပျိုးထောင်ပေးရေး၊ ကျန်းမာရေးနှင့်ညီညွတ်သည့် ကျောင်းပတ်ဝန်းကျင်ဖြစ်စေရေး၊ ကောင်းမွန်သောကျန်းမာရေးအလေ့အကျင့်ကောင်းများ စွဲမြဲကျင့်သုံးသည့် ယဉ်ကျေးလိမ္မာသည့် ကလေးသူငယ်များဖြစ်စေရေးတို့အတွက် လေ့ကျင့်သင်ကြားပေးရန်တို့ကို မှာကြားပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ဘားအံမြို့၊ ကော့ကရိတ်မြို့၊ ဖာပွန်မြို့၊ သံတောင်ကြီးမြို့၊ ကြာအင်းဆိပ်ကြီးမြို့များတွင် တာဝန်ထမ်းဆောင်နေသော လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံပြီး နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များကို ရှင်းလင်းပြောကြားပါသည်။ ဆက်လက်ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံသားအားလုံး၏ မွေးသည်မှစ၍ အသက်ရွယ်ကြီးရင့်သည်ထိ လူမှုဘဝတစ်လျှောက်လုံး ပုံစံအမျိုးမျိုးဖြင့် ကြုံတွေ့ရသည့် လူမှုရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း၊ သဘာဝဘေးအန္တရာယ်အပါအဝင် ဘေးဒုက္ခကြုံတွေ့ရသူများအား ကူညီ ထောက်ပံ့ခြင်း၊ ပြန်လည်ထူထောင်ပေးခြင်းစသည့် မွန်မြတ်သောလုပ်ငန်းရပ်များကို နေ့စဉ်ဆောင်ရွက်နေရသူများဖြစ်၍ မိမိတာဝန်များကို ထမ်းဆောင်ရင်းဖြင့်ပင် ကုသိုလ်များရနေပါကြောင်း၊ မိမိတာဝန်ကျေပွန်ခြင်းသည် မိမိအတွက်ရော နိုင်ငံအတွက်ပါ အကျိုးဖြစ်ထွန်းပါကြောင်း၊ ဝန်ထမ်းအားလုံးသည် မိမိ၏လုပ်ငန်းနှင့် ပတ်သက်၍ ကျွမ်းကျင်သော တော်သော ဝန်ထမ်းများ ဖြစ်ရန်လိုသကဲ့သို့ အဓိကကျသည့် စိတ်ဓါတ်ကောင်းသော၊ ခံယူချက်ကောင်းသော ဝန်ထမ်းများ ဖြစ်ကြရန်၊ ကြိုးစားကြရန် မှာကြားလိုပါကြောင်း၊ လုပ်ငန်းခွင်တွင် အချင်းချင်း သည်းခံမှု၊ နားလည်နိုင်မှုတို့ဖြင့် ပျော်ရွှင်ဖွယ်ကောင်းသော လုပ်ငန်းခွင်ဖြစ်အောင် နေထိုင် ဆောင်ရွက်ကြစေလိုပါကြောင်း၊ မူကြိုဆရာမများအနေဖြင့်လည်း ကလေးများကို ငယ်စဉ်ကပင် အလေ့အကျင့်ကောင်းမွန်သော၊ လူ့ပတ်ဝန်းကျင်ကိုကောင်းကျိုးပြုနိုင်သော၊ အနာဂတ်၏ အဖိုးတန်ရတနာများဖြစ်အောင် ပြုစုသင်ကြားကြရန်လိုပါကြောင်းတို့ဖြင့် ပြောကြားပြီးနောက် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ်ရှင်လင်းပြောကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)