မာန်အောင် ဩဂုတ် ၁၁
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ရေလမ်းကြောင်းဖြင့်သွားလာနေကြသည့် ခရီးသွားပြည်သူများအား (Life Jackets) အသက်ကယ်အင်္ကျီများ စနစ်တကျဝတ်ဆင်တတ်စေ ရေး အသိပညာပေးခြင်းအား ယနေ့နေ့လယ် ၁၂ နာရီခွဲက မာန်အောင်မြို့ကို အခြေပြုပြေးဆွဲနေသည့် အလောင်းဘုရားသင်္ဘောနှင့်ရွှေဝတီသိဏ်းမော်တော်ယာဉ်ပေါ်၌ ဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးထိန်လင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် တာဝန်ရှိသူများက ခရီးသွားပြည်သူများနှင့် ရေယာဉ်လုပ်သားများအား ယခုအချိန်ခါ မိုးရာသီကာလ၌ မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ခြင်း၊ မြစ်ရေကြီးခြင်း၊ တောင်ကျချောင်းရေများ အရှိန်ပြင်းစွာစီးဆင်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အဆိုပါ သဘာဝဘေးအန္တရာယ်များကြောင့် ရေယာဉ်များ မတော်တဆထိခိုက်မှုများ ဖြစ်ပေါ်နိုင်ကြောင်းနှင့် ခရီးသွားပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် လုံခြုံစိတ်ချစွာသွားလာနိုင်ရန်အတွက် အသက်ကယ်အင်္ကျီများ ဝတ်ဆင် သွားလာကြရန် အသိပညာပေးဟောပြောကြပြီး အသက်ကယ်အင်္ကျီဝတ်ဆင်ပုံများကို ပြသခဲ့ကြကြောင်းသိရသည်။
သိန်းဖေ(ပြန်/ဆက်)