ဘားအံမြို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများမှ ရေဘေးရှောင်ပြည်သူများအား စားသောက်ကုန်နှင့် ထောက်ပံ့ငွေများ လှူဒါန်း

ဘားအံ  သြဂုတ် ၁၁

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သြဂုတ်လ ၃ ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာရွာသွန်း၍   သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာထက်ကျော်လွန်ပြီး မြစ်ရေလျှံတက်မှုဖြစ်ပွား၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်များ ရေနစ်မြုပ်မှု ဖြစ်ပွားလျက်ရှိသည်။

အဆိုပါ ရေဘေးသင့်နေရာမှ ပြည်သူများအား ရေဘေးကယ်ဆယ်ရေးစခန်း ၁၃ ခုဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားလျက်ရှိကာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဒေသခံတိုင်းရင်းသားများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဘာသာပေါင်းစုံ ညီညွတ်ရေးအသင်း၊ မွန်လူမှုရေးကူညီမှုအသင်း၊ မြို့မိမြို့ဖများ၊ အလှူရှင်များမှ ဆန်၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ရေသန့်၊ အချိုရည်၊ ထမင်းဘူး၊ ကြာဆံကြော်စသည့် စားသောက်ကုန်ပစ္စည်းများနှင့် အလှူငွေများ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

ဘားအံမြို့နယ်တွင် ဩဂုတ်လ(၁၀)ရက်နေ့အထိ ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၁၃)ခု ဖွင့်လှစ်ထားရှိပြီး အိမ်ထောင်စု (၁၄၅၇)စု၊ ကျား(၃၂၈၃)ဦး၊ မ(၃၅၆၇)ဦး စုစုပေါင်းလူဦးရေ(၆၈၅၀)ဦး ယာယီရေဘေး ကယ်ဆယ်ရေးစခန်းများတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)