ကရင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဘားအံ ဩဂုတ် ၁၁

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ (၂/၂၀၂၃) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

အစည်းအဝေးတွင် ကရင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အတွင်း ဇူလိုင်လ ၂၉ ရက်နေ့မှစ၍ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းပြီး မြစ်ရေ၊ချောင်းရေများမြင့်တက်လာကာ မြေပြိုမှုများ၊ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည့်အတွက် ပြည်နယ်အတွင်း ရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ ဒေသခံပြည်သူများအား ဘေးလွတ်ရာသို့ ယာယီရွှေ့ပြောင်းနေရာချထားပေးခဲ့ရကြောင်း၊ စိုက်ပျိုးပြီးသည့် မိုးစပါးနှင့်အခြားသီးနှံစိုက်ခင်းများ ထိခိုက်မှုရှိခဲ့ပြီး ရေကျသည်နှင့်တစ်ပြိုင်နက် ပြန်လည်ကုစားပေးနိုင်ရေးလုပ်ငန်းများကို ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်ထားကြစေလိုကြောင်း၊ မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် မြေပြိုမှုကြောင့် ပျက်စီးသွားသောလမ်းပိုင်းသည် အဓိကကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်ပြီး ပျက်စီးသွားသော လမ်း၊ တံတားများကို လိုအပ်သည့်ပြင်ဆင်မှုများ၊ အရေးပေါ်တုံ့ပြန်မှုများ ဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ရေကြီးရေလျှံမှု၊ မြေပြိုမှုများကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်သေဆုံးမှုမရှိဘဲ ရေဘေးစခန်းများတွင် စနစ်တကျနေရာချထားပေး၍ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ အစရှိသောစားသောက်ကုန်များကို တစ်ဦးချင်းအလိုက်ကူညီ ထောက်ပံ့ပေးထားပြီး ရေ၊ မီး၊ မိလ္လာလိုအပ်ချက်မရှိစေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ၊ ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးထားကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်ချက်များကို မျက်ခြေမပြတ်စောင့်ကြည့်၍ အချိန်နှင့်တစ်ပြေးညီတင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှာဖွေကူညီ ကယ်ဆယ်ရေး၊ နေရာချထားပေးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူးများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြကာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်၊ မြို့နယ်များအလိုက် ရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ ကူညီထောက်ပံ့ပေးနေမှုအခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

ထိုသို့ ရှင်းတင်းတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များမှာကြားကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန် မြို့နယ်များတွင် ရေဘေးကယ်ဆယ်ရေးစခန်းစုစုပေါင်း ၄၅ ခုကိုဖွင့်လှစ်၍ အိမ်ထောင်စု ၃၅၃၆ စု၊ လူဦးရေ ၁၆၂၃၄ ဦးအား ယာယီရွှေ့ပြောင်းနေရာချထားပေးခဲ့ရပြီး လိုအပ်သည့်ကူညီထောက်ပံ့မှုများ၊ ကျန်းမာရေးစောင့်ရှောက် မှုများဆောင်ရွက်ပေးထားကာ လမ်းတံတားအခြေခံအဆောက်အဦများ အနည်းငယ်ထိခိုက်မှုရှိပြီး အခြေခံပညာ စာသင်ကျောင်းပေါင်း ၁၃၁ ကျောင်းပိတ်ထား၍ ရေကျသည်နှင့်တစ်ပြိုင်နက် ပြန်လည်ဖွင့်လှစ်နိုင်ရေးစီမံ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် ကရင်ပြည်နယ်အတွင်းရေဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ Htoo Myat Ayar မှ ငွေကျပ်သိန်း(၁၀၀)၊ ဇွဲကပင်သဘာဝဟိုတယ်နှင့်အပန်းဖြေဥယျာဉ် ဦးသိန်းဇော်မင်းနှင့်ဇနီး နန်းယဉ်ယဉ်ထွေးမိသားစုမှ ငွေကျပ် ၄၅ သိန်းကို ပေးအပ်လှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

(ရေဘေးစခန်း၊ အိမ်ထောင်စုနှင့်လူဦးရေစာရင်းသည် ရေအတက်၊အကျပေါ်မှုတည်၍ ပြောင်းလဲမှုရှိနိုင်ပါသည်)

စောမျိုးမင်းသိန်း(ပြန်/ဆက်)