ဖာပွန် အောက်တိုဘာ ၁၄
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတို့ပူးပေါင်း၍ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) အွန်လိုင်းတင်ဆက်မှုကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက အသိပညာပေးဆွေးနွေးပွဲ (Talk Show) အွန်လိုင်းတင်ဆက်မှု ဆောင်ရွက်ခြင်းအား မိတ်ဆက် ဆွေးနွေးခဲ့သည်။
ထို့နောက် ဆွေးနွေးပွဲကို စတင်ဆွေးနွေးရာ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစောဘူးသောက နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ဖာပွန်ခရိုင် အနေဖြင့် ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများကိုလည်းကောင်း၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးဇော်မင်းထွန်းက မဲရုံမှူးသင်တန်းဖွင့်လှစ်မည့် အခြေအနေ နှင့် ရွေးကောက်ပွဲနေ့တွင် ဆန္ဒမဲလာရောက်ပေးကြမည့် ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စီမံ ဆောင်ရွက်ထားမည့် အခြေအနေများ ကိုလည်းကောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ သိရှိလိုသည့်အချက်အလက်များကို mvotor 2020 Application တွင် ရှာဖွေကြည့်ရှုနိုင်ကြောင်း အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
အသိပညာပေးဆွေးနွေးပွဲ (Talk Show) အွန်လိုင်းတင်ဆက်မှုကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ကိုဗစ်- ၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက် နှင့်အညီ ဆောင်ရွက် ခဲ့ကြောင်း ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်း အသိပညာပေး နံရံကပ်စာစောင်ကိုပါ ထည့်သွင်းပြသထားကြောင်း သိရသည်။
စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်ဆက်)