ဖြူးမြို့နယ်၌ ပြည်သူများအား စျေးနှုန်းချိုသာစွာနေ့စဉ် ရောင်းချပေးသည့် စားသောက်ကုန်များ ဝယ်ယူသူများပြား

ဖြူး   သြဂုတ်  ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူများစျေးနှုန်းချိုသာစွာဖြင့် စားသောက်ကုန်များဝယ်ယူ စားသုံးနိုင်ရန်အတွက် နေ့စဉ်ဖြူးမြို့မစျေးအနီး၌ ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လာရောက် ဝယ်ယူသူများ ပိုမိုများပြားလာကြောင်း သိရသည်။

ဖြူးမြို့နယ်စည်ပင်သာယာရေးကော်မတီမှစျေးတာဝန်ခံ ဦးကျော်ထွန်းက "စရောင်းပေးတုန်း ကထက် ဝယ်သူများလာတာတွေ့ရပါတယ် ဆီရောင်းပေးနိုင်တဲ့နေ့ဆိုရင် ပိုပြီးတော့ ဝယ်သူများပါတယ် အဓိကက ကိုယ်တိုင်စိုက်ပျိုး/မွေးမြူထုတ်လုပ်သူများက ဆန်၊ ဆီ၊  သား/ငါး၊ ဟင်းသီးဟင်းရွက်တွေကို အမြတ်နည်းနည်းနဲ့ ရောင်းချပေးနေတာဖြစ်ပါတယ်" ဟုပြောသည်။

ထိုသို့ စျေးနှုန်းချိုသာစွာ ရောင်းချပေးရာတွင် ဆန်တစ်ပြည်(၂၄၀၀)ကျပ်၊ ကြက်ဥတစ်လုံး (၂၅၀)ကျပ်၊ ဝက်သားတစ်ပိဿာ(၁၃၀၀၀)ကျပ်၊ ကြက်သားတစ်ပိဿာ(၁၀၀၀၀)ကျပ်၊ ဆိတ်သား တစ်ပိဿာ(၁၅၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာ(၁၂၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာ(၆၀၀၀) ကျပ်ဖြင့် စျေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှရသည်။

နေမျိုးလွင်(ပြန်/ဆက်)