ပန်းတောင်းမြို့နယ်၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ

ပန်းတောင်း  ဩဂုတ်  ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့နံနက် (၁၀:၀၀)နာရီအချိန်က ပန်းတောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက ယနေ့ခေတ်ကျောင်းသားလူငယ်များ ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာသန်စွမ်းမှသာ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်နိုင်မည်ဖြစ်ရာ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအနာဂတ်သည် နိုင်ငံသားများ၏ ပညာရေးနှင့်ကျန်းမာရေးအဆင့်အတန်းပေါ်တွင် မူတည်သည့်အတွက် ကျောင်းနေအရွယ်ကလေးများကျန်းမာရေးသည် အလွန်အရေးကြီးပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုးမှ ဩဂုတ်လ၏ (ပထမ)ရက်သတ္တပတ်ကို မိခင်နို့စနစ်တကျတိုက်ကျွေးရေးရက်သတ္တပတ်၊ (ဒုတိယ)ရက်သတ္တပတ်ကို ငါးနှစ်အောက်ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ (တတိယ)ရက်သတ္တပတ်ကို ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ (စတုတ္ထ)ရက်သတ္တပတ်ကို အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေးရက်သတ္တပတ်အနေဖြင့် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုး ဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအသင်း၊ ဆရာ/ဆရာမတို့မှ ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးစစ်ဆေးခြင်း၊ သံချဆေးများတိုက်ကျွေးခြင်း၊ ပျိုဖော်ဝင်ဆယ်ကျော်သက်ကျောင်းသူများကို သံဓာတ်အားဆေးပေးဝေခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား အာဟာရတိုက်ကျွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လပြည့်လင်း (ပြန်/ဆက်)