လိပ်သိုမြို့တွင် ကျောင်းကျန်းမာရေးသီတင်းပတ် အသိပညာပေးဟောပြောပွဲနှင့်  ကျန်းမာရေးစောင့်ရှောက်ခြင်းများ ဆောင်ရွက်

လိပ်သို ဩဂုတ် ၁၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်ခြင်းများကို ဩဂုတ်လ ၉ ရက်နေ့ နံနက် (၁၀)နာရီ အချိန်က သဇင်ဆောင်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်ဂျိုဝါးနာက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် သံတောင်ကြီးမြို့နယ်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇေယျာဉီးနှင့် လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ဒေါ်မိမိုးမိုးခိုင်တို့က မိုးရာသီတွင် ဖြစ်ပွားတတ်သည့်  သွေးလွန်တုတ်ကွေးရောဂါအကြောင်း သိကောင်းစရာများ၊ HID/AIDS အကြောင်း သိကောင်းစရာများနှင့် ရောဂါမကူးစက်နိုင်စေရန် ရှောင်ကြဉ်ရမည့်နည်းလမ်းများ၊ တစ်ကိုယ်ရေးသန့်ရှင်းမှုများရှိစေရန်နှင့်  ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးနှင့် ပတ်သက်သော သိမှတ်ဖွယ်ရာများ၊ ကျန်းမာရေးဆိုင်ရာ အထွေထွေဗဟုသုတများကို ကျောင်းသား/ကျောင်းသူများအား အကျယ်တဝင့် အသိပညာပေး ဟောပြောပေးခဲ့သည်။

ထို့နောက် မြို့နယ်ဆရာဝန်ကြီးနှင့် အဖွဲ့သည် အထွေထွေကျန်းမာရေးစစ်ဆေး ပြသပေးခြင်း၊ အေအိုင်ဒီအက်စ်နှင့် ဆစ်ပလစ်ရောဂါပိုး ရှိ၊ မရှိ သွေးဖောက်စစ်ဆေးပေးခြင်း၊ သံဓာတ်အားတိုးဆေး တိုက်ကျွေးခြင်း၊ သံချဆေးတိုက်ကျွေးခြင်းနှင့် လိုအပ်သော ဆေးဝါးများကို အခမဲ့ပေးဝေ လက်တွေ့ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)