နတ်မောက် ဩဂုတ် ၁၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကြူအိုင်ကျေးရွာတွင် စျေးကွက်ဝင်ငရုတ်သီးပင်များ အောင်မြင်ဖြစ်ထွန်း၍ စီးပွားဖြစ်ငရုတ်စိုက်ပျိုးသည့် တောင်သူများအနေဖြင့် ဈေးကောင်းရရှိရန် မျှော်လင့် နေကြောင်း သိရသည်။
ငရုတ်ပင်သည် ပူနွေးသောရာသီဥတုကို နှစ်သက်ပြီး အေးလွန်း၊ ပူလွန်းသောရာသီဥတုဒဏ်ကိုလည်း ခံနိုင်ရည်ရှိသည်။ နတ်မောက်မြို့နယ်တွင် အများစုစိုက်ပျိုးသော ငရုတ်မျိုးမှာ မိုးထောင်မျိုး (မိုးမျှော်သီး)ငရုတ်ကို အဓိကထား၍ စိုက်ပျိုးကြပြီး ငရုတ်ပွမျိုးနှင့်အတောင့်ရှည်မျိုးကိုတော့ ဆောင်းရာသီ တွင်အဓိကထား၍ စီးပွားဖြစ် စိုက်ပျိုးကြကြောင်း စိုက်ပျိုးချိန်ပေါ်မူတည်၍ မိုးကြိုငရုတ်၊ မိုးငရုတ်၊ ဆောင်း ငရုတ်ဟုခေါ်ဆိုကြသလို စိုက်ပျိုးသည့် မြေအလိုက် လယ်ငရုတ်၊ ကိုင်းငရုတ်ဟူ၍ ခွဲခြားကြောင်း ငရုတ်သီးစိုက်ပျိုးမည့်မြေအား ပြုပြင်ရာတွင် ပေါင်းမြက်ကင်းစင်ပြီး ထယ်ရေးညက်အောင်ပြုပြင်ရပြီး ပြုပြင်ပြီး မြေအားနွားချေး၊ မြေဆွေးစသည့်သဘာ၀ဓာတ်မြေဩဇာနှင့် ယူရီယားမွှေပြီး မြေခံအဖြစ်ထည့်သွင်း စိုက်ပျိုးရကြောင်း ငရုတ်စိုက်ပျိုးသူ မသီတာဆွေကပြောသည်။
ယခုမိုးရာသီတွင် စိုက်ပျိုးထားသော ငရုတ်များအား ဘောင်တင်ကာ ပေါင်းမြက်ရှင်းလင်း၍ မြေဆီဩဇာကျွေးပြီး မြေအောက်ရေပေးသွင်းထားပါက နွေရာသီအထိ ခူးယူရောင်းချ နိုင်ကြောင်း၊ ယခင်နှစ်က ငရုတ်သီးအစိမ်းတစ်ပိဿာကို ၄၅၀၀ ကျပ် အခြောက်တစ်ပိဿာကို (၁၆၀၀၀)ကျပ် ရောင်းရသဖြင့် ယခုနှစ်တွင်လည်း ငရုတ်ဈေးကောင်းရရန် မျှော်လင့်လျက်ရှိကြောင်း ငရုတ်စိုက်ပျိုးသူများထံက သိရသည်။
မူမူစန်း