အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား သွားတိုက်နည်းစနစ်မှန်ကန်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

မိုင်းရှူး     သြဂုတ်     ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းလီနှင့်အဖွဲ့ဝင်များ၊ လက်‌ထောက်ဆရာဝန် ဒေါက်တာ ဖြိုးဟိန်းသူနှင့်ဝန်ထမ်းများ၊ ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား သွားတိုက်နည်းစနစ်မှန်ကန်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက အမှတ်(၁) အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန လက်ထောက်ဆရာဝန်‌ ဒေါက်တာဖြိုးဟိန်းသူနှင့်ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ လက်တွေ့သွားတိုက်နည်းစနစ် မှန်ကန်ရေး၊ သွားရောဂါမဖြစ်ပွားရေး၊ ပိုးစားခြင်းမှကာကွယ်ရေး၊ သွားပိုးပေါက်မဖြစ်ပွားရေးအတွက် သွားတိုက်နည်းစနစ်ကို လက်တွေ့ပြသခဲ့သည်။

ထို့နောက် KG ကလေးများအား ဒုတိယအကြိမ် Covid ကာကွယ်ဆေးထိုးနှံပေးခြင်း၊ သွားတိုက်တံများပေးအပ်ခြင်း၊ သွားပိုးစားသော ကျောင်းသား/ကျောင်းသူများအား သွားနုတ်ပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းခြင်း၊ အရပ်တိုင်းခြင်း၊ တကိုယ်ရည်သန့်ရှင်းမှု စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည့်ဆေးဝါးများ အခမဲ့ပေးအပ်ခဲ့ကြောင်း  သိရသည်။

သန်းလူ(ပြန်/ဆက်)