သရက် ဩဂုတ် ၁၁
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီကက အခြေခံပညာ မူလတန်း အနမကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ကျောင်းကျန်းမာရေး သီတင်းပတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောင်းကျန်းမာရေး ကလေးအရာရှိ ဒေါ်စန်းစန်းသင်းက ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ စာသင်ကြားနိုင်ရေးအတွက် တစ်ကိုယ်ရေသန့်ရှင်းရေး လက်ဆေးခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေး၊ နည်းစနစ်မှန်သွားတိုက်ခြင်း၊ သန့်ရှင်းသောယင်လုံ အိမ်သာသုံးစွဲရန်နှင့် မိုးတွင်းကာလ ကလေးငယ်များတွင် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများအကြောင်းကို ပြောကြားခဲ့ပြီး ယင်းနောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး တစ်ဦးချင်း ကျောင်းကျန်းမာရေး မှတ်တမ်းကတ်များ ရေးသွင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)