ငဖဲ ဩဂုတ် ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ချောင်းဖြူကျေးရွာအုပ်စု ထန်းကိုင်းကျေးရွာ၏မြောက် ဘက် ငဖဲ-စေတုတ္တရာကားလမ်းဘေးရှိ ကိုင်းမြေတွင် မြေအောက်ရေကို အသုံးပြု၍ နဂါးမောက်ပင်များကို စိုက်ပျိုးထားရာ အသီးများအောင်မြင်ဖြစ်ထွန်းပြီး အလုံးလှ၍ ရောင်းအားကောင်းကြောင်း နဂါးမောက်စိုက်ပျိုးရောင်းချသူ တောင်သူဦးမောင်ဝင်းထံမှ သိရသည်။
ထန်းကိုင်းကျေးရွာ၏မြောက်ဘက်ရှိ ကိုင်းမြေ ၃ဧကတွင် နဂါးမောက်ပင်ပေါင်း(၁၀၀၀)ကျော်ကို စိုက်ပျိုးထားတာ (၆)နှစ်ကျော်ရှိပြီဖြစ်ကြောင်း၊ နဂါးမောက်ပင်ကို စိုက်ပျိုးမည်ဆိုပါက ပျိုးပင်တစ်နှစ်သား အရွယ်ရှိအပင်ကို ပြာသိုလမှာ စတင်စိုက်ပျိုးပြီး ၆လကျော်လျှင် အသီး စသီးကြောင်း၊ မြေဩဇာအနေဖြင့် ဆိတ်ချေး၊ နွားချေးနှင့် ဖွဲပြာ ကျွေးပေးကြောင်း၊ ယခုနှစ်မှာ မိုးဦးမကျခင်နေ့စဉ်ပုံမှန် ရေသွင်းပေးရပြီး တစ်နှစ်ကို ခုနှစ်ကြိမ်ခန့် သီးကြောင်း၊ တစ်ကြိမ်သီးလျှင် အလုံးတစ်သောင်းကျော် ခူးဆွတ်ရောင်းချရကြောင်း၊ နဂါးမောက်သီးများကို ငဖဲမြို့မဈေးတွင် ကိုယ်တိုင်ရောင်းချပြီး ခြံသို့ လာဝယ်သူများလည်းရှိကြောင်း၊ နဂါးမောက်သီးတစ်လုံးလျှင် ငွေကျပ် ၄၀၀ မှ ၅၀၀ ထိ ရောင်းချရပြီး တစ်ရက်ခူးဆွတ်ရလျှင် အလုံးပေါင်း ၃၀၀ ခန့် ခူးဆွတ်ရောင်းချရ၍ မိသားစုစီးပွားရေးအဆင်ပြေသည့်အတွက် နဂါးမောက်ပင်များ တိုးချဲ့စိုက်ပျိုးထားကြောင်း ထန်းကိုင်းကျေးရွာမှ နဂါးမောက်စိုက်ပျိုးရောင်းချသူ ဦးမောင်ဝင်းက ပြောကြားသည်။
နဂါးမောက်သီးကို ကလေးလူကြီးမရွေး ကြိုက်နှစ်သစ်ကြ၍ ရောင်းပန်းလှသောအသီးဖြစ်ကာ ငဖဲမြို့နယ်အတွင်းရှိ နေအိမ်အချို့တွင်လည်း မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြပြီး စီးပွားဖြစ်စိုက်ပျိုး ရောင်းချသော တောင်သူ ၄ ဦးခန့်ရှိကြောင်း သိရသည်။
မယု(ငဖဲ)