ရွှေတောင်မြို့နယ်(အ.မ.က) ကသစ်တိုင်းကျေးရွာ အခြေခံပညာကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရွှေတောင် သြဂုတ် ၁၁

ပဲခူးတိုင်းဒေသကြီ၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကသစ်တိုင်းကျေးရွာအုပ်စု၊ ကသစ်တိုင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူ​ရေးရာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ တိုင်းရင်း​​ဆေးကုဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့ခိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ကျောင်းသူများအား စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဇင်မာချောစုကြည်က စားသုံးသူနှင့်ပတ်သက်သော ကုန်စည်အမှတ်အသား (၈)ချက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ဦးစီးမှူး ဒေါ်ခင်နုနုဖြိုးက အားကစားပြုလုပ်ခြင်း၏ အကျိုး‌ကျေးဇူးများခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများကို ကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်က တိုင်းရင်းဆေးဝါး အမျိုးအစားများနှင့် ရောဂါအကြောင်း ဆောင်ရန်၊ ရှောင်ရန် အချက်များကို ပညာပေးဟောပြောခဲ့ကြသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များပြသခြင်း၊ ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ် စာစောင်၊ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်များအား ပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများကို နွယ်ချိုကဲအစာကြေဆေးများ ဝေမျှပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ ဆက်)