သရက်ချောင်း ဩဂုတ် ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်စုများ၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန်တော်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က သရက်ချောင်းမြို့၊ မြို့မရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး သံဃာနာယကအဖွဲ့ဝင် ကျောက်မြောင်းတောင်သစ်ကျောင်းတိုက်ဆရာတော်ကြီး ဦးအာစရနှင့် သံဃာတော် အရှင်သူမြတ် (၁၀)ပါး၊ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ တပ်နယ်မှူးနှင့် အရာရှိစစ်သည်တော်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသော ရပ်မိ/ရပ်ဖများ တက်ရောက်ခဲ့ပြီး ဆရာတော် သံဃာတော်များနှင့် တရားနာဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ(၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် တရားနာ ဧည့်ပရိတ်အပေါင်းတို့မှ ဆရာတော်သံဃာတော်များအား သြကာသကန်တော့ချိုးဖြင့် ရှိခိုးပူဇော်ပြီး တိုင်းဒေသကြီး သံဃာနာယကအဖွဲ့ဝင် ကျောက်မြောင်းတောင်သစ်ကျောင်းတိုက်ဆရာတော်ကြီး ဦးအာစရထံမှ ငါးပါးသီလခံယူပြီးနောက် ဆရာတော် သံဃာတော် အရှင်သူမြတ်အပေါင်းတို့မှ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက သာသနာရေးဆိုင်ရာ လျှောက်ထားရာတွင် နိုင်ငံတော်တွင်ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပမှုကို ကမ္ဘာသို့ ပြသနိုင်ရန်နှင့် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်အဖြစ် သာသနာတော်ထွန်းကားပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက်လည်ကောင်း၊ နိုင်ငံသူ၊နိုင်ငံသားအားလုံး အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်နေခြင်းဖြင့် ဗုဒ္ဓမြတ်စွာ၏အေးမြသည့် မေတ္တာရိပ်အောက်၌ လုံခြုံအေးချမ်းစွာဖြင့် သာယာပျော်ရွှင်စွာ နေထိုင်ရန်အတွက်လည်ကောင်း၊ နိုင်ငံတော်ကြီးသာယာဝပျောမှုရှိစေရန် ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းမှုနှင့် မေတ္တာကို အခြေခံပြီး လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်အတွင်း ဝါဆိုသင်္ကန်း ကပ်လှူမှုအနေဖြင့် ကျောင်းတိုက်(၁၂)တိုက်တွင်ရှိသော ရဟန်း၊ သံဃာ(၇၆)ပါးအတွက် သင်္ကန်းစုံရေ (၇၆)စုံကို ဆက်ကပ်လှူဒါန်းပေးတာဖြစ်ပြီး တန်းဖိုးအားဖြင့် ငွေကျပ် (၂၈၈၈၀၀၀)တိတိဖြစ်ကြောင်း၊ ကျောင်းတိုက်အလိုက် ဝါဆိုဝါကပ်ကြမည့် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၁၇၂) ပါးအတွက် ဝါတွင်း(၃)လတာ ကာလပတ်အတွင်း အထောက်အပံ့ ဖြစ်စေရန် ဆွမ်းဆန်တော် (၈၅)အိတ်ကို တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များနှင့် အလှူရှင်များက ဝိုင်းဝန်းလှူဒါန်းပေးခဲ့ကြောင်း၊ ဆွမ်းဆန်တော်(၈၅)အိတ်အတွက် တန်းဖိုးငွေကျပ် (၃၃၈၈၀၀၀) ဖြစ်ပါကြောင်း၊ အခမ်းအနားသို့ တက်ရောက်လာသော ဆရာတော်ကြီး(၁၂)ပါးအား လှူဖွယ် ဝါဆိုသင်္ကန်း(၁)စုံစီနှင့် လှူဖွယ်ဝတ္ထုပစ္စည်း တန်ဖိုးငွေစုစုပေါင်းငွေကျပ် (၅၄၄၀၀၀)တိတိ လှူဒါန်းမှုပြုခြင်းနှင့်အတူ နဝကမ္မဝတ္တုငွေ စုစုပေါင်းငွေကျပ် (၁၂၀၀၀၀၀)တိတိကို လှူဒါန်းမှု ပြုပေးခြင်းဖြစ်ကြောင်း၊ သာသနာရေးရာဆိုင်ရာ လိုအပ်သည်များကို လျှောက်ထားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် တာဝန်ရှိသူများက ကြွရောက်လာသော ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္တုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဝါဆိုသင်္ကန်း ကပ်လှူမှုပြုသည့် ကျောင်းတိုက် (၁၂)တိုက်မှ ဝါဆိုသင်္ကန်းများကို သက်ဆိုင်ရာ ကျောင်းတိုက်ဆရာတော်များထံ ဆက်ကပ် လှူဒါန်းခြင်း၊ ကြွရောက်လာကြသော ကျောင်းတိုက်(၁၂)တိုက်၏ ဆရာတော်ကြီးများအား ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်း၊ မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ညောင်ဇင်ကျောင်းသစ်ကျောင်းတိုက် ဆရာတော်ကြီး ဘန္ဒန္တကောသလ္လထံမှ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ တရားတော်နာယူပြီးနောက် ဆရာတော်အရှင်သူမြတ်များနှင့် တရားနာ ဧည့်ပရိတ်အပေါင်းတို့က ဗုဒ္ဓသာသနာစိရံတိဠတု (၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သတင်းရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)