လဟယ်မြို့တွင် ကျောင်းကျန်းမာရေးရက်သတ္တပတ် အသိပညာပေးဟောပြောပွဲကျင်းပ

လဟယ် ဩဂုတ် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊  နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ် အသိပညာပေးဟောပြောခြင်း အခမ်းအနားကို  ယမန်နေ့နံနက် ၉ နာရီအချိန်တွင် လဟယ်မြို့ အထက်တန်းကျောင်း ချယ်ရီမြိုင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးဦးနေမင်းသူက အဖွင့်အမှာစကား ပြောကြား‌ရာတွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ယခုမိုးတွင်းကာလသည် ရာသီတုတ်ကွေးရောဂါ ဖြစ်နေကြကြောင်း ကျောင်းသားသူများ တစ်ကိုယ်ရည်သန့်ရှင်းရေးသည်လည်း အရေးကြီးကြောင်း ကျောင်းကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းကို မြို့ပေါ်သာမက နယ်ကျောင်းအထိ  သက်ဆိုင်ရာဌာနတွေနှင့် ပူးပေါင်းပြီးဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားပါသည်။

ထို့နောက် နာဂဒေသပညာရေးမှူးဦးဆန်ဦးမှ ကျောင်းကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းစဉ်များ ဆောင်ရမည့်လုပ်ငန်းအဆင့်ဆင့်ကို ကျောင်းဆရာ/မများ ကျောင်းသား/သူများအား လမ်းညွှန်မှာကြားပြီး လဟယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝိုင်းအောင်မှ ကျောင်းကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို ပညာရေးဌာနနှင့်ပူးပေါင်းဆောင်ရွက်နေမှုနှင့် ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောပါသည်။

ဆက်လက်ပြီး လဟယ်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး  ဒေါ်နှင်းယုဆွေမှ ဝမ်းလျောဝမ်းပျက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး လက်ဆေးနည်းလမ်းများကိုလည်းကောင်း၊ လဟယ်မြို့နယ်  မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနမှ ဆရာမဒေါ်ကြိုင်နီအောင်မှ သွားနှင့်ခံတွင်းကျန်းမာရေးနှင့်ပတ်သက်၍ ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

၎င်းကျောင်းကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် သံချဆေးများတိုက်ကျွေးနေမှုနှင့် ကျောင်းသုံးရေကန် အိမ်သာများအား လိုက်လံကြည့်ရှု့ စစ်ဆေးခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကျောင်း တက်ရောက်နေကြသော ကျောင်းသူများအား ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးနေမင်းသူနှင့်အဖွဲ့၀င်များ၊ ဒေသပညာရေးမှူး ဦးဆန်းဦး၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇာနည်၀င်းနှင့်အဖွဲ့၀င်များ မြို့နယ်ပညာရေးမှူး ဒေါ်မာမာအေး၊ အထက်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်စန်းစန်းထွေးနှင့် ဆရာ/မများ ကျောင်းသား/သူ စုစုပေါင်း(၁၈၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

(မြို့နယ်၊ ပြန်/ဆက်)